မြစ်ကြီးနား-မိုးညှင်းရထားလမ်းပြုပြင်မှု ဇူလိုင်လ အပြီးဆောင်ရွက်မည်

————————————-

မြန်မာ့မီးရထားဟာ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား- မိုးကောင်း၊ မိုးကောင်း-မြစ်ကြီးနားခရီးစဉ်သာ ပြေးဆွဲ နိုင်ခဲ့ရာကနေ မြစ်ကြီးနား-မိုးကောင်းကနေ မိုးညှင်းမြို့အထိ မီးရထားခရီးစဉ် ဆက်လက်တိုးချဲ့ပြေးဆွဲနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဲဒီလမ်းပိုင်းပြုပြင်တဲ့လုပ်ငန်းတွေကိုတော့ လာမဲ့ ဇူလိုင်လအတွင်း အပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ရထားလမ်းပိုင်းဆောင်ရွက်ပြီးစီးရင် မိုးညှင်း-မြစ်ကြီးနား၊ မြစ်ကြီးနား-မိုးညှင်း ရထားပြေးဆွဲနိုင်ရေး မြင်းကောင် ရေ ၁၃ဝဝ အား စက်ခေါင်း၊ မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းတွေနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး လူစီးတွဲတွေကို လည်း Auto Coupler တွဲဆိုင်းတွေနဲ့ပြေးဆွဲသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ရိုးရိုးတန်းလူစီးတွဲ လေးတွဲ၊ အထက်တန်းလူစီးတွဲ တစ်တွဲ၊ ကုန်တင် ဘရိတ်တွဲ တစ်တွဲပါဝင်တဲ့ တွဲဆိုင်းတွေနဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ရထားလမ်း အရှည် မိုင် ၅၂ ဒသမ ၂၅ မိုင်ရှိတဲ့ မိုးကောင်း-မိုးညှင်းလမ်းပိုင်းကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေရာမှာ ၃၉ မိုင်၊ ရာခိုင်နှုန်းအနေနဲ့ ၇၄ ဒသမ ၆၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သလို ရထားလမ်းပိုင်း အတွင်းရှိ ဘူတာ ၈ ဘူတာလည်း ပြီးစီးပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရထားလမ်းပိုင်းရှိ တံတားပြုပြင်မှုမှာလည်း သံပေါင် ပြုပြင်တဲ့လုပ်ငန်းကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ပါတယ်။ တံတားရေလယ်တိုင်တွေ ပြုပြင်တာကိုလည်း ဆက်လက်ဆောင်ရွက်နေပြီး လာမဲ့ ဇူလိုင်လ ဒုတိယပတ်မှာ လမ်းပိုင်းပြုပြင်တဲ့လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *