ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၂၁ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်

နိုင်ငံတော်အစိုးရအနေဖြင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများကိုအခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခြင်းမရှိစေရေးဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့်ဝင်ရောက်ရှင်းလင်း၍  လုပ်ငန်းလုပ်ဆောင်ရာတွင်     အသုံးပြုခဲ့သည့်သိမ်းဆည်းရမိပစ္စည်းများအားစနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအားအသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိတရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃  လုံးအား   ထပ်မံ၍စနစ်တကျဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း၌အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင်အသုံးပြုသည့်အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဖြင့် အဆောက်အအုံအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်၍စနစ်တကျ ဖြိုချဖျက်ဆီးခြင်းဖြစ်ကြောင်းသိရှိရသည်။ 

ယနေ့တွင်ယာဉ်ယန္တရားဖြင့်  ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက်၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယာဉ်၊ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်း အဆောက်အအုံ ၂၁ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅၆ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့်အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက်ပြည်တွင်းအင်အားစုများအပြင်အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *