သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း၌ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများနှင့်ယာဉ်ယန္တရားများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ယင်းနောက် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ငလျင်များနှင့်နေထိုင်ခြင်း အသိပညာပေးစာအုပ်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၏ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူ ဇာတ် တိုက်လေ့ကျင့်သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
