ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား ထပ်မံဖြိုချဖျက်ဆီး

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား ထပ်မံဖြိုချဖျက်ဆီးကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြ သည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား ဖျက်ဆီး ခြင်းနှင့် တရားမဝင်အဆောက်အအုံများအား ဖြိုချ ဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင်အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ တရားမဝင်အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်း များ လုပ်ကိုင်ရာတွင်အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ ၆၃၅ လုံးအား ရှာဖွေဖော်ထုတ်ဝင်ရောက် ရှင်းလင်းနိုင်ခဲ့ပြီး အွန်လိုင်းလိမ် လည်လောင်းကစားမှုများ ယင်းဒေသတွင် လုံးဝပြန်လည် အခြေမချနိုင်စေ ရေးနှင့် ဒုစရိုက် လုပ်ငန်းများ ထပ်မံမဆောင်ရွက်နိုင်စေရေးအတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို အပိုင်း(၁၊ ၂၊ ၃)သတ်မှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာ KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ အားလုံး ရာနှုန်းပြည့် စနစ်တကျဖြိုချဖျက်ဆီး ခဲ့ပြီးဖြစ်ကြောင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း များ လုပ်ကိုင်ခြင်း မရှိစေရေး တရားမဝင်အဆောက်အအုံ ၃၂၂ လုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအား စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအတောက်အအုံများအား ချိတ်ပိတ်၍ ဖြိုချဖျက်ဆီးနိုင်ရေး အဆောက်အဦအမျိုးအစားအလိုက် ပထမဆင့် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံး၊ ဒုတိယအဆင့် ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးကို အဆင့် ၂ ဆင့်ဖြင့် ခွဲခြားသတ်မှတ်၍ ဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက်တွင် အဆိုပါ ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိပထမအဆင့် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးအနက်မှ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုခဲ့သည့် ၄ ထပ် အဆောက်အအုံ ၂ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ ထပ်မံဖြိုချဖျက်ဆီး ခဲ့ပြီး ယခင် ၁၃ ထပ် အဆောက်အအုံ ၁ လုံး ကို ဖျက်ဆီးပြီးဖြစ်သဖြင့် စုစုပေါင်း အဆောက်အအုံ ၃ လုံးကို ဖျက်ဆီးပြီးဖြစ်ရာ တရားမဝင်အဆောက်အအုံ ၇၇ လုံးအနက် ဖြိုချဖျက်ဆီးရန် တရားမဝင်အဆောက်အအုံ ၇၄ လုံးကျန်ရှိနေသေး ကြောင်းနှင့် ၎င်းတို့အား ဆက်လက်၍ စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *