ပရီးမီးယားလိဂ်တန်းတက်ခွင့်အတွက် လိဂ်ချန်ပီယံရှစ်ရဲ့ Play-offs ယှဉ်ပြိုင်ကစား မှုကို ၂၀၂၆-၂၇ ရာသီကစပြီး လေးသင်းကနေ ခြောက်သင်းအထိ တိုးမြှင့်ဖို့ အတည်ပြုဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်ရှိအချိန်အထိ အသုံးပြုနေတဲ့ပုံစံက အမှတ်ပေးဇယား ပထမနဲ့ ဒုတိယနေရာ ရပ်တည်နိုင်တဲ့နှစ်သင်းက ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရရှိပြီး အဆင့် ၃ ကနေ အဆင့် ၆ နေရာရရှိတဲ့ အသင်းလေးသင်းက Play-offs ထပ်မံယှဉ်ပြိုင်ကစားကာ နောက်ဆုံးဗိုလ်စွဲတဲ့အသင်း ပရီးမီးယားလိဂ်ကို ထပ်မံတန်းတက်ခွင့်ရရှိတာပါ။
Play-offs ယှဉ်ပြိုင်ရာမှာ အဆင့် ၃ နဲ့ ၆၊ အဆင့် ၄ နဲ့ ၅ အသင်းတွေ ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့နှစ်သင်း ဗိုလ်လုရခြင်းဖြစ်ပါတယ်။
အသင်းအရေအတွက် ခြောက်သင်းအထိ တိုးမြှင့်လိုက်တဲ့ ပုံစံသစ်မှာတော့ ပထမနဲ့ ဒုတိယရရှိတဲ့နှစ်သင်းက အရင်အတိုင်း တိုက်ရိုက်တန်းတက်ခွင့်ရမှာဖြစ်ပြီး အဆင့် ၃ ကနေ အဆင့် ၈ အထိ စုစုပေါင်း ခြောက်သင်း Play-offs ယှဉ်ပြိုင်ရမှာပါ။
အဆင့် ၃ နဲ့ ၄ ရရှိတဲ့နှစ်သင်းက ဆီမီးဖိုင်နယ်အဆင့်က စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၅ နဲ့ ၈၊ အဆင့် ၆ နဲ့ ၇ အသင်းတွေက ကွာတားဖိုင်နယ်အဆင့် ယှဉ်ပြိုင်ရမှာပါ။
ကွာတားဖိုင်နယ်ကို တစ်ကျော့တည်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၅ နဲ့ အဆင့် ၆ အသင်းတွေရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ကိုတော့ အရင်အတိုင်း နှစ်ကျော့ယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲကိုလည်း ဝင်ဘလေကွင်းတွင်ပဲ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
