လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။
ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလိုအပ်ချက်များ၊ ဒေသဆိုင်ရာလိုအပ်ချက်များကိုနားထောင်၍ တွေ့ဆုံဖြေရှင်းဆောင်ရွက်ပေးရန်၊ မိမိမဲဆန္ဒနယ်မြေရှိ ပညာရှင်များ၊ ဒေသခံများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်ရန်တို့ကိုလည်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဝန်ကြီးချုပ်နှင့်အတူ ပဲခူးမြို့မှ မြို့မိမြို့ဖများ၊ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကိုဆွေးနွေးခဲ့သည်။
