ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့သူများနှင့် ကျောင်းပြင်ပရောက်နေသူများအတွက် အခြေခံသက်မွေး ပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးမည်

ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့သူများနှင့် ကျောင်းပြင်ပရောက်နေသူများအတွက် အခြေခံသက်မွေး ပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ယနေ့ (မေလ ၁ရက်) တွင် ကျင်းပသေည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်ပညာရပ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံချိန်စံညွှန်းသတ်မှတ်ချက်များကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်ရည်ရွယ်၍ ပြည်တွင်း၌ ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ လူငယ်လူရွယ်များအား ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင်လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသည် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဖြင့် ကျောင်းပြင်ပရောက်နေသူများအတွက် အခြေခံသက်မွေး ပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
အလားတူ ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ရောက်ရှိနေသူများကိုလည်း ပညာသင်ယူမှုအခွင့်အလမ်းများ ရရှိစေရေးနှင့် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးတို့အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုမှ အစပြုပြီး ပညာရေးလမ်းကြောင်းဆီသို့ ကူးပြောင်းနိုင်အောင် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *