ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် ခရစ်ပ်တိုငွေကြေးများ ပေးရမည်ဟု လိမ်လည်တောင်းခံသည့် မက်ဆေ့ချ်များကို လုံခြုံရေးကုမ္ပဏီများ သတိပေး

ခရစ်ပ်တိုငွေကြေးများ ပေးမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းခွင့်ပေးမည်ဟု လိမ်လည်တောင်းခံသည့် မက်ဆေ့ချ်များကို သင်္ဘောကုမ္ပဏီအချို့က လက်ခံရရှိခဲ့ကြောင်း ဂရိနိုင်ငံ၏ ရေကြောင်းဆိုင်ရာ အန္တရာယ်စီမံခန့်ခွဲမှုကုမ္ပဏီ MARISKS က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်တွင် ပိတ်မိနေသည့် သင်္ဘောအချို့ကို ပိုင်ဆိုင်သည့် သင်္ဘောကုမ္ပဏီများထံ အဆိုပါ မက်ဆေ့ချ်များ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့မှုများကို ဖြေလျှော့ပေးလိုက်၊ ပြန်လည်ထိန်းချုပ်လိုက် ပြုလုပ်နေသည်။

အဆိုပါ ရေလက်ကြားသည် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲမဖြစ်ပွားမီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာလမ်းကြောင်းဖြစ်သည်။

အပစ်အခဲရပ်စဲရေး ဆွေးနွေးပွဲများအတွင်း အဆိုပါ ရေလမ်းကြောင်းကို ထိန်းချုပ်ထားသော အီရန်သည် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ရေလက်ကြားဖြတ်သန်းခများ ကောက်ခံရန် အဆိုပြုခဲ့သည်။

MARISKS ကုမ္ပဏီကမူ အီရန်အာဏာပိုင်များကို ကိုယ်စားပြုသည်ဆိုသည့် အမည်မသိသူများသည် သင်္ဘောကုမ္ပဏီအချို့ထံသို့ ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းခွင့် ရရှိရန်အတွက် Bitcoin သို့မဟုတ် Tether ကဲ့သို့ ခရစ်ပ်တိုငွေကြေးများဖြင့် ဖြတ်သန်းခ ပေးဆောင်ရန် တောင်းဆိုသည့် သတင်းစကားများ ပေးပို့ခဲ့ကြောင်း ဧပြီ ၂၀ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

“အဲဒီမက်ဆေ့ချ်တွေက လိမ်လည်မှုဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီက ပြောကြားခဲ့ပြီး အဆိုပါ မက်ဆေ့ချ်များကို အီရန်အာဏာပိုင်များက ပေးပို့ခြင်းမဟုတ်ကြောင်း ကုမ္ပဏီက ထပ်လောင်းပြောဆိုခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အီရန်ဘက်က ချက်ချင်းမှတ်ချက်ပြု တုံ့ပြန်ခြင်းမရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *