သေနတ် ငါးလက် ကိုင်ထားသည့် အသက် ၁၄နှစ်အရွယ်လူငယ်က ဧပြီ ၁၅ ရက်တွင် တူရကီစာသင်ကျောင်းကိုပစ်ခတ်ခဲ့သော ကြောင့် ကိုးဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ကျောင်းသားများသည်လွတ်မြောက်ရေးအတွက်ပြတင်းပေါက်များမှခုန်ချခဲ့ကြသောကြောင့် ဝရုန်းသုန်းကားအနေအထားကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
တောင်ပိုင်းပြည်နယ် ခါရာမန်မာရက်စ်တွင် ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုသည် ရက်ပေါင်းများစွာအတွင်း တူရကီ၌အလားတူဖြစ်ပွားသည့်ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်သည်။ စာသင်ကျောင်းပစ်ခတ်မှုများသည် ရှားရှား ပါးပါးဖြစ်ရပ်ဖြစ်သော တူရကီ၌ အထက်ပါတိုက်ခိုက်မှုကနိုင်ငံကို တုန်လှုပ်စေခဲ့သည်။
ပြည်ထဲရေးဝန်ကြီး မူစတာဖာဆစ်ဖ်ဆီက ကိုးဦး သေဆုံးသွားခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်ဟုအတည်ပြုပြောကြားခဲ့သည်။ ဒဏ်ရာရရှိထားသူ ၁၃ ဦးထဲက ခြောက်ဦးသည်အရေးပေါ်သို့ရောက်ရှိနေပြီး ထိုအထဲကသုံးဦးမှာစိုးရိမ်ရသည်ဟုဆိုသည်။
တိုက်ခိုက်သူမှာအသက်၁၄နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသားဖြစ်သည်ဟုဝန်ကြီးကဆက်လက်အတည်ပြုခဲ့သည်။
“ကျောင်းသားတစ်ဦးဟာ သူ့အဖေပိုင်တယ်လို့ကျွန်တော်တို့ယူဆတဲ့ေ သနတ်တွေကိုကျောပိုးအိတ်ထဲထည့်ပြီး ကျောင်းကိုရောက်လာခဲ့တာပါ။ သူဟာစာသင်ခန်းနှစ်ခန်းကိုဝင်ရောက်ခဲ့ပြီး ကြုံသလိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒဏ်ရာရသူတွေ၊သေဆုံးသူတွေရှိလာခဲ့တာဖြစ်ပါတယ်”ဟု ခါရာမန်မာရက်စ်အုပ်ချုပ်ရေးမှူး မူကာရမ်အန်လူအာက ထိုနေ့စောစောပိုင်းတွင်သတင်းထောက်များကို ပြောကြားခဲ့သည်။
ကျောင်းအနီးရှိအဆောက်အအုံတွင်နေထိုင်သူတစ်ဦးရိုက်ကူးထားသောဗီဒီယိုတွင်မြင်တွေ့ရသည်မှာကျောင်းသားများသည် ကျောင်း၏ပထမထပ် ပြတင်းပေါက်များမှခုန်ချ ထွက်ပြေးခဲ့ကြသည်ကိုလည်းကောင်း အခြားသောကျောင်းသားများကကျောင်းဝင်းထဲမှ ဖြတ်၍ထွက်ပြေးကြသည်ကိုလည်းကောင်းတွေ့ရသည်။
ရိုက်ကူးထားသောဗီဒီယိုတွင်မြင်တွေ့ရသည်များသည်မှန်ကန်မှုရှိသည်ဟုAFP ကအတည်ပြုခဲ့သည်။
တစ်မိနစ်ခွဲခန့်ကြာမြင့်သောဗီဒီယိုတွင်သေနတ်သံ ၁၅ ချက်ခန့်ကိုကြားရသည်။
တိုက်ခိုက်သူသည်ရဲအရာရှိဟောင်း၏သားဖြစ်ပြီးသူနှင့်အတူ သေနတ်ငါးလက် ကျည်ကပ်ခုနစ်ကပ်ပါလာသည်ဟုဆိုသည်။ အခင်းဖြစ်ပွားချိန်အတွင်း ၎င်း သေဆုံးသွားသည်ဟုဆိုသည်။
“သူကတော့သူ့ကိုယ်သူပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒါဟာဝရုန်းသုန်းကားဖြစ်နေချိန်အတွင်းမှာသူ့ကိုသူသတ်သေတာလား ဒါမှမဟုတ် သူ့ကိုယ်သူပစ်မိသွားတာလားဆိုတာမသဲကွဲပါဘူး”ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ရဲကတိုက်ခိုက်သူ၏ဖခင်အူဂါမာဆင်လီနှင့်မိခင်တို့ကို ထိန်းသိမ်းခဲ့သည်ဟု တူရကီအစိုးရသတင်းဌာန Anadolu က ဖော်ပြခဲ့သည်။
ဆယ်ကျော်သက်တိုက်ခိုက်ရေးသမားက သူ၏WhatsApp profile တွင် အမေရိကန် အစုလိုက်အပြုံလိုက်လူသတ်သမား အဲလီးယော့ရော်ဂျာကို ရည်ညွန်းထားသည်။
အသက်၂၂နှစ်အရွယ်အမေရိကန်နိုင်ငံသားရော်ဂျာသည်၂၀၁၄ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်တွင်လူ ခြောက်ဦးကိုသတ်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင်သူ့ကိုယ်သူသက်သေသွားခဲ့သည်။
