ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယနေ့ ဇန်နဝါရီ ၅ ရက်၊ နံနက် ၉ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ၄၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရပါတယ်။
အခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာမှာ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဥပဒေ၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါတယ်။
ဆက်လက်၍လည်း ပြိုင်ဘက်ပါတီများ၊ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို စော်ကားပုတ်ခတ်ပြီး ပြောဆိုစည်းရုံးခြင်းဟာ ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်သကဲ့သို ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုလည်း မြောက်နိုင်ကြောင်းပြောကြားပါတယ်။
အလားတူ တစ်ဖက်ပါတီကို နှိမ့်ချပုတ်ခတ်ပြောဆို စည်းရုံးခြင်းဟာ ကျင့်ဝတ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်အဖြစ် မှတ်ယူရမှာဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပါတီရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေမှာဖြစ်ကြောင်း ပြောကြားပါတယ်။
#Crd



