အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ အချိန်ပိုင်းအနုပညာဒီပလိုမာ (ဓာတ်ပုံ) သင်တန်းအစား အချိန်ပိုင်းအနုပညာဒီပလိုမာ (Film Making) သင်တန်းကို ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို Level သုံးခုဖြင့် စုစုပေါင်း အချိန်ကိုးလ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ဘွဲ့ရရှိပြီးသူများ၊ အခြေခံပညာ Grade-12 သို့မဟုတ် ဒသမတန်းအထိ တက်ရောက်ခဲ့သူများ တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။
သင်တန်းပြီးမြောက်ပါက ဘွဲ့ရရှိပြီးသူများနှင့် အခြေခံပညာ Grade-12 သို့မဟုတ် ဒသမတန်း အောင်မြင်ပြီးသူများအား Diploma in Arts (Film Making) ကိုလည်းကောင်း၊ အခြေခံပညာ အထက်တန်းအထိ တက်ရောက်ခဲ့သူများ ကို Film Making အထူးပြုအနုပညာ အောင်လက်မှတ်ကိုလည်းကောင်း ပေးအပ်မည်ဖြစ်သည်။
အဓိကသင်ကြားမည့် ဘာသာရပ်များမှာ ဓာတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရို-က်တာ၊ တည်းဖြတ်ဘာသာရပ်တို့အပြင် အထောက်အကူပြု ဘာသာရပ်များဖြစ်သည့် သရုပ်ဆောင်၊ အနုပညာစီမံခန့်ခွဲမှု၊ ရုပ်ရှင်ထုတ်လုပ်ရေးစီမံခန့်ခွဲမှု ဘာသာရပ်များ ပေါင်းစပ်သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ နိုဝင်ဘာ ၁၃ ရက်မှစ၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၄၂၁ ၀၁၂ ၈၀၈၊ ၀၉-၇၈၈ ၁၈၉ ၁ ၈၀၊ ၀၉-၂၅၀ ၀၈၈ ၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။
