အဒေါ်အရင်းကို တူနဲ့ထုသတ်ပြီး ရွှေနှင့်ငွေများယူဆောင်ခဲ့သည့်ကျောင်းဆရာမကိုဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် အသက် (၈၄) နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး အသတ်ခံရပြီး ၎င်း၏ မြေးဖြစ်သူ အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဥ်ဖြစ်စဥ်မှ ကျူးလွန်သူတရားခံ အမျိုးသမီးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သူ တရားခံအမျိုးသမီးမှာ သေဆုံးသူ၏ တူမတော်စပ်သည့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်း ဆိုသူဖြစ်ပြီး ၎င်းကို အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းဖြစ်စဥ်အတွင်း သတ်ဖြတ်ခံရသူမှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)တွင်နေထိုင်သော အသက် (၈၄) နှစ်အရွယ် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့က နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျှက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလားတူ သေဆုံးသူ၏ မြေးဖြစ်သော အသက် (၃၆) နှစ်အရွယ် ဒေါ်အေးအေးခိုင် ဆိုသူကိုလည်း မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို တွေ့ရှိရသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ရာမှ အထက်ပါ တရားခံအမျိုးသမကို ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။

ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသည့်အတွက် ငွေကြေး အခက်အခဲများစွာရှိခဲ့သဖြင့် ငွေချေးပေးရန် အဒေါ်တော်စပ်သူ ဒေါ်ခင်စိုးမြင့်ထံ အကူအညီတောင်းခံခဲ့ရာ ကူညီပေးမည်ဟုပြောသော်လည်း မရခဲ့ဘူးဟုဆိုသည်။

ထို့နောက် အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် သံရိုက်တူဖြင့် မအေးအေးခိုင်ကို ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာကို တူဖြင့်ရိုက်ဖျက်ကာ “အောင်သမာဓိ”တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ပြီး အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးကို ရောင်းချကာ ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့သည်။

သို့ဖြစ်သဖြင့် တရားခံဖြစ်သည့် စိုးစိုးထွန်း ဆိုသူကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *