မြန်မာ – ရုရှား – ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကျင်းပမည်

မြန်မာ – ရုရှား – ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်း၍ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင် တေးဂီတပညာရှင်၊ တေးရေး/တေးဆို Mr Vladimir Sukolinsky ဦးဆောင်သည့်အဖွဲ့နှင့် ရုရှား- မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovsky တို့က အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံသို့ လာရောက်တွေ့ဆုံခဲ့ကြစဥ် ပြည်ထောင်စုဝန်ကြီးက ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးက ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရှိပြီးဖြစ်၍ ယခုကဲ့သို့ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ရင်းနှီးမှုကိုတိုးမြှင့်ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သလို ယခုလာရောက် ဖျော်ဖြေပေးသည့် အဖွဲ့၏တင်ဆက်မှုကို MRTV သတင်းများတွင် ပြည့်စုံစွာ ထည့်သွင်းထုတ်လွှင့်ပြီး အကျယ်တဝင့် ဖော်ပြပေးလျက်ရှိကြောင်း ပြောကြားသည်။ 

ရုရှား – မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovsky နှင့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေး အဖွဲ့ခေါင်းဆောင် တေးဂီတပညာရှင်၊ တေးရေး/တေးဆို Mr Vladimir Sukolinsky တို့ ကလည်း မြန်မာနိုင်ငံသည် ကိုယ်ပိုင်ယဉ်ကျေးမှုရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများက ယဉ်ကျေးပျူငှာ ဖော်ရွေမှုရှိကာ ယခုကဲ့သို့ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခွင့်ရရှိသဖြင့် နှစ်နိုင်ငံပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် မန္တလေးနှင့် ပြင်ဦးလွင်တို့၌ ဖျော်ဖြေခဲ့ကြပြီးဖြစ်သလို ရန်ကုန်နှင့် နေပြည်တော်တို့တွင် မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံဖျော်ဖြေပွဲဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *