AA အကြမ်းဖက်အဖွဲ့ရဲ့ ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တို့အပြင် တရားခံ ၁၆ ဥကိုပါ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်၌ ယာဉ်မောင်း အောင်ခန့်ကျော် နှင့် ယာဉ်နောက်လိုက် ထက်ဝေဖြိုး တို့ကို ၎င်းတို့မောင်းနှင်လာသည့် NISSAN CONDOR ယာဉ်ပေါ်မှ အိုက်စ် ၁၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃၅.၉၇ ဘီလီယံခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးရှိ “ရွှေမောင်း”လက်ဖက်ရည်ဆိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်မည့်ယာဉ်အား ငှားရမ်းချိတ်ဆက် ပေးသည့် ဇော်ဝင်းထွန်း နှင့် ဆန်းထွန်းကျော် တို့ ၂ ဦးကို လည်းကောင်း၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ဇော်လင်း၊ စောဇင်မင်းဟန် တို့ကို အိုက်စ် ၁၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၉.၉၇ ဘီလီယံခန့်နှင့်အတူ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား သုံးခွမြို့နယ်၊ သမ္မစိတ္တကမ်းခြေမှ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၇ ရက်တွင် သမစိတ္တကျေးရွာအနီးရှိ နေအိမ်ဂိုဒေါင်၌ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ‌ ကျော်နိုင်နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ပေးခဲ့သည့် ယာဉ်မောင်း/ယာဉ်မောင်း အကူများဖြစ်သော သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၁၀၉.၉ ဘီလီယံခန့်နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင်အသုံးပြုခဲ့သည့် MITSUBISHI FUSO အဖြူရောင်ယာဉ် ၁ စီး၊ NISSAN VANETTE အဖြူရောင်ယာဉ် ၁ စီး၊ HYUNDAI PORTER အဖြူရောင်ယာဉ် ၁ စီး တို့နှင့်အတူ ထပ်မံဖမ်းမိခဲ့သည်။

ထို့အတူ လှိုင်သာယာမြို့နယ်၊ ရေဉက္ကံကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်မည့် ယာဉ်မောင်းများအား ချိတ်ဆက်ပေးသူ စိုးမင်းပိုင် အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး သတင်းဆက်အရ စက်တင်ဘာ ၂၈ ရက်တွင် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ Smile World Spa ဆိုင်၌ မူးယစ်ဆေးဝါးများ သိုလှောင်သိမ်းဆည်းပေးသူ ခင်မောင်တွတ် အားလည်းကောင်း၊ စက်တင်ဘာလ၂၉ ရက်တွင် တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၌ တင့်နိုင်ထွန်း အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဖမ်းဆီးရမိသူ ၁၆ ဦး၊ မော်တော်ယာဉ် ၄ စီးနှင့် အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ကာလိမြို့နေ စိုင်းနော်ခမ်း(ခ)ကိုစိုင်း (ဖမ်းဆီးရန်ကျန်)က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသမှ မူးယစ်ဆေးဝါးများကို ရမည်းသင်းမြို့သို့ ပို့ဆောင်ပေးခဲ့ရာ ရမည်းသင်းမြို့မှ ရန်ကုန်မြို့သို့ အောင်ခန့်ကျော် နှင့် ထက်ဝေဖြိုး တို့က ဆက်လက်သယ်ဆောင်ခဲ့ကြောင်း၊ စိုင်းနော်ခမ်း(ဖမ်းဆီးရန်ကျန်)၏ စေခိုင်းချက်အရ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ဇော်လင်း ငှားရမ်းထားသည့် ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာရှိ နေအိမ်၌သိုလှောင်သိမ်းဆည်းထားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ခင်မောင်တွတ်က လှိုင်သာယာမြို့နယ်၌ ခေတ္တသိုလှောင်သိမ်းဆည်းပေးခဲ့ပြီး ၎င်းနေရာမှတဆင့် ပင်လယ်ကမ်းစပ်ဖြစ်သည့် သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာရှိ ကျော်နိုင်၏ ဂိုဒေါင်သို့ ပို့ဆောင်သိုလှောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ ကျော်နိုင်၏ထွက်ဆိုချက်အရ ဂိုဒေါင်၌ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ စီးပွားရေးတာဝန်ခံများဖြစ်သည့် ရဲဇော်(ဖမ်းဆီးရန်ကျန်)နှင့် ချစ်မင်း(ဖမ်းဆီးရန်ကျန်)တို့က ပင်လယ်ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *