နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် DPLA ၊ KNDF ၊ PNLO ၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုနှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် ၃၀ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ အောက်တိုဘာ ၃ ရက်တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်ဟု သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများထဲတွင် DPLA အဖွဲ့ဝင် ၁၂ ဦး၊ KNDF အဖွဲ့ဝင် ၁ ဦး၊ PNLO အဖွဲ့ဝင် ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု အဖွဲ့ဝင် ၁ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် ၁၂ ဦး ပါဝင်သည်ဟု သိရပြီး ၎င်းတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ယနေ့၌ပင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်ဟုဆိုသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် AK-47 တစ်လက်၊ M-22 သုံးလက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံခဲ့ကြသဖြင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်ဟု သိရသည်။




