မသမာသူအချို့သည် ရခိုင်AA အဖွဲ့ထံမှ မူးယစ်ဆေးဝါးများ ယူဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောင်းဝယ်ဖောက်ကားနေကြသည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB က စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB မှ ဗိုလ်မှူးကြီး အာမက်ဦးဆောင်သော အဖွဲ့မှာ ယမန်နေ့တွင် နယ်စပ်အရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ AA အပေါ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ “မွတ်ဆလင်တွေ (ဒုက္ခသည်)က မူးယစ်ဆေးဝါးရဲ့ အဓိက မှောင်ခိုကုန်ကူးသူတွေပါ။ မသမာသူတို့ဟာ ရခိုင် AA ဆီကနေ မူးယစ်ဆေးဝါးတွေ ယူပြီး ဘင်္ဂလားဒေ့ရှ်ကို သယ်ဆောင်လာနေကြတယ်။ မူးယစ်ဆေးဝါး ကုန်သွယ်ရေးက အရမ်းမြန်တော့ ဖမ်းရခက်နေတယ်” ဟု BGB ဗိုလ်မှူးကြီး အာမက်က ပြောသည်။
မြန်မာအစိုးရကလည်း ရန်ကုန်မြို့တွင် စက်တင်ဘာလ ၅ ရက်နှင့် ၇ ရက်နေ့က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအမှုတွင် ရခိုင်လက်နက်ကိုင်AA တပ်ဖွဲ့ဝင် ၃ ဦးပါဝင်နေသည်ဟု ထုတ်ဖော်ထားပြီး ယခင်ကလည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အကြိမ်ကြိမ်ထုတ်ဖော်ခဲ့ရမှုများ ရှိခဲ့သည်။ AA ပြောခွင့်ရ ခိုင်သုခက မူးယစ်ဆေးဝါးလုပ်ငန်းကို လုံးဝ လုပ်ကိုင်ခြင်းမရှိသလို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ရပ်တည်နေသော အဖွဲ့အစည်းမဟုတ်ကြောင်း ယမန်နေ့က ငြင်းဆိုထားသည်။
AA များမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်ရောက်လာသူ ငါးဖမ်းသမားများကို လှေငယ်များဖြင့်လိုက်လံဖမ်းဆီးနေပြီး လွန်ခဲ့သောရက်ပိုင်းကလည်း AA လက်နက်ကိုင် ၂ ဦးကို ငါးဖမ်းသမားများက ပြန်လည် သတ်ဖြတ်ကာ လက်နက်များပါ လုယူလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း AA က ထုတ်ပြန်ထားသည်။
