နှစ်နိုင်ငံနယ်စပ်ရှိ Phanom Dong Rak ခရိုင်၊ Ta Muen ဘုရားကျောင်းအနီးတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း The Nation Thailand သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ကမ္ဘောဒီးယားဘက်မှ မောင်းသူမဲ့လေယာဉ်ပျံသန်းလွှတ်တင်မှုကို သတင်းရရှိကြောင်း၊ မျက်မြင်မတွေ့ ရသော်လည်း ပျံဝဲသံကြားခဲ့ရကြောင်း၊ မောင်းသူမဲ့လေယာဉ်ပျံဝဲပြီးနောက် မကြာမီတွင် RPG ကိုင်ဆောင်သူအပါ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၆ ဦး ထိုင်းစခန်းဘက် ချဉ်းကပ်လာကြောင်း သိရသည်။
ထိုင်းစစ်စခန်းက နှုတ်ဖြင့်သတိပေးခဲ့သော်လည်း ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ မိနစ်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များက ထိုင်းစစ်စခန်းဘက်ကို ပစ်ခတ်မှုများပြုလုပ်လာသဖြင့် ထိုင်းဘက်က ပြန်လည်တုံ့ပြန် ပစ်ခတ်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းစစ်ဘက်က အနီးကပ်စောင့်ကြည့်လျက်ရှိပြီး နောက်ထပ်သတင်း အချက်အလက်များထပ်မံရရှိလာပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု သိရှိရပါသည်။
