တတိယကမ္ဘာစစ်အတွက် မီးပွားလား?

အီရန်နိုင်ငံမြို့တော် တီဟီရန်ကို အစ္စရေးက စတင်တိုက်ခိုက်လိုက်ပြီး အမေရိကန် ပါဝင်မှုမရှိဘဲ အစ္စရေးတို့ချည်းသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်က ကြေညာခဲ့ကြောင်း သိရပါတယ်။

အီရန်ကိုတိုက်ခိုက်ခြင်းမှာ အစ္စရေးတစ်နိုင်ငံတည်း၏ လုပ်ရပ်ဖြစ်ပြီး အမေရိကန် လုံးဝပါဝင်ပတ်သက်မှုမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပြီး အီရန်အနေဖြင့် အမေရိကန်ပစ်မှတ်များကို လက်တုံ့ပြန် တိုက်ခိုက်မှုမပြုရန် အသိပေးထားပါတယ်။

အစ္စရေးစစ်တပ်က အစ္စရေးနိုင်ငံ၏တည်ရှိမှုကို ခြိမ်းခြောက်လာနေသဖြင့် ယခုကဲ့သို့ အီရန်ကို လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ကြောင်းနှင့် အစ္စရေးနိုင်ငံကိုအန္တရာယ်ပြုနိုင်သည့် ရန်သူများကို ဆက်လက်ချေမှုန်းသွားမည်ဟုကြေညာလိုက် ပါတယ်။

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ Natanz ရှိ နျူကလီးယားစွမ်းအင်သုတေသနဌာန တည်ရှိရာတွင် ပေါက်ကွဲမှုများတွေ့မြင်ရပြီး နိုင်ငံအနောက်ပိုင်း Tabriz နှင့် Kermanshah မြို့များကိုလည်း အစ္စရေးက လေကြောင်းမှတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်တဲ့သတင်းများအရ အီရန် တော်လှန်ရေးအစောင့်တပ် IRGC တပ်မှူးချုပ် ဗိုလ်ချုပ် Hossein Salami နှင့် နျူကလီးယားသိပ္ပံပညာရှင် ၂ ဦးပါ အစ္စရေးတိုက်ခိုက်မှုများအတွင်း သေဆုံးကြောင်း သတင်းများထွက်ပေါ်လာခဲ့သလို နျူကလီးယားသုတေသနနေရာများအပါအဝင် အီရန်တဝှန်း မြို့ကြီးများနှင့် လေဆိပ်များအပါအဝင် ပစ်မှတ်များကို အစ္စရေးက ဒုံးပျံ ၂၄၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရပါတယ်။ အခုချိန်မှာတော့ ရေနံစိမ်းဈေး ထိုးတက်သွားတာကို တွေ့ရပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “Operation Rising Lion” စတင်ကြောင်းနှင့် အီရန်၏ နျူကလီးယားလက်နက်အစီအစဉ် လုံးဝအဆုံးသတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေညာထားပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ” အစ္စရေးက အီရန်ရှိ နျူကလီးယားသုတေသနစခန်းများကို တိုက်ခိုက်မှုအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ မတိုးပွားစေလိုကြောင်းနှင့် နှစ်ဖက် စလုံးက ထိန်းထိန်းသိမ်းသိမ်းသာ သည်းခံ၍ အလျင်စလို မတုန့်ပြန်ကြရန်” တိုက်တွန်းနေပါတယ်။

အခုချိန်မှာ အမေရိကန်၊ ဗြိတိသျှ စစ်တပ်လေယာဉ်များ အီရန်ဒုံးပျံတကမ်း လေတပ်စခန်းများမှ စတင်ဆုတ်ခွာနေပြီး အီရန်က ဘယ်အချိန်မှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *