ပျောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်နေသည့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်သော ဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မန္တလေးမြို့ပေါ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်ငယ်မြို့များအတွင်း ပျောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဂိုဏ်းဖွဲ့၍ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ မကြာခဏ ကျုးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာ မေ ၅ ရက်တွင် ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်မှုများတွင် ဦးဆောင်ကျူးလွန်ခဲ့သည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ကိုနေထက်လင်း(၂၉)နှစ် (ဘ) ဦးသံချောင်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ကိုနေထက်လင်း၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများ ဖမ်းဆီး ရမိရေး ဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဓားပြတိုက်၊ လုယက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖော်ထုတ်ဖမ်းဆီးရမိသည့် ဓားပြတိုက်ခြင်း၊ လုယက်မှုများအား ကျူးလွန်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကျူးလွန်ခဲ့ကြကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးပေါ်ပေါက်ပြီး ဖမ်းဆီးရမိသည့် ကိုနေထက်လင်း အပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး နှစ်ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးရန် ကျန်တရားခံများနှင့် သိမ်းဆည်းရန်ကျန် လက်နက်ခဲယမ်းများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး၊ ဖြစ်စဉ်များတွင်ပါဆုံးခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
CRD//


