မန္တလေး အိုးဘိုထောင်၌ ထိန်းသိမ်းခံထားရသည့် DENKO နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်သည် ယနေ့ (ဧပြီ ၁၂ ရက်) နံနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပြီးဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့်နီးစပ်သည့် သတင်းအသိုင်းအဝိုင်း၏ ဖော်ပြထားမှုများအရ သိရသည်။
အဆိုပါ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်ကို ယင်းဘဏ်၏ အမှုဆောင်အရာရှိချုပ်နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဧပြီလက ဖမ်းဆီးခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ တရားစွဲဆိုအရေးယူခဲ့ခြင်းဖြစ်သည်။
အလားတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်ဝင်းအတွင်းရှိ အထပ်မြင့် အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက ဖမ်းဆီးခံထားရသည့် ဇေကမ္ဘာဦးခင်ရွှေ၏ သားဖြစ်သူ ကိုဇေသီဟလည်း ရန်ကုန် အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများက ပြောဆိုသည်။
ထို့ပြင် စားအုန်းဆီကို မတရားဈေးတင်ရောင်းချခြင်းနှင့် မသမာမှုများပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခံထားရသော စားအုန်ဆီ ကုန်သည်များလည်း ပြန်လည်လွတ်မြောက်လာကြောင်း ထွက်ပေါ်လာသော သတင်းအချက်အလက်များအရ သိရသည်။
crd//mhtnews@myanmarhardtalk


