ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်းကို သတင်းအရ ဝင်ရောက်ရှာဖွေရာမှ တရားခံ အမျိုးသား ၃ ဦးနှင့်အတူ ငွေကျပ်သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သီးခြားစီ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်း၊ အခန်းအမှတ်(၁၅)ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ညီလောက်စီ ဆိုသူကို စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၁၀ ဂရမ်နှင့်အတူ စတင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကွင်းဆက်အရ ထပ်မံဖော်ထုတ်ခဲ့ရာ ဆိုင်ကပ်၊ စည်သူဖြိုးဆိုသူတို့အား စိတ်ကြွရူးသွပ်ဆေးပြား မော်တော်ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြန်သည်။
တရားခံ ၃ ဦးထံမှ တန်ဖိုးငွေကျပ် သိန်း ၂,၈၀၉ ဒသမ ၈ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၁,၄၀၀ ပြား၊ တန်ဖိုးငွေကျပ် ၁ ဒသမ ၀၄ သိန်းရှိ အဆင့်နိမ့်ဘိန်း ၂၆၀ ဂရမ်၊ တန်ဖိုးငွေကျပ် ၂ ဒသမ ၄ သိန်းရှိ ကက်တမင်း ၂၄ ဂရမ်နှင့် တန်ဖိုးငွေကျပ် ၃၈ ဒသမ ၅ သိန်းရှိ Happy Water ၃၅ ဂရမ် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂,၈၅၁ ဒသမ ၇၄ သိန်းတို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။
mhtnews@myanmarhardtalk
