ဆိုးဆိုးသွမ်းသွမ်း၊ ငလျင်ကြမ်းကြောင့်
ဝမ်းနည်းဖွယ်ရာ၊ အနိဋ္ဌာတည့်
ထင်ရာဒုန်းစိုင်း၊ ကဆုန်စိုင်းလျက်
ဝုန်းဒိုင်းကြဲကာ၊ လှုပ်ယမ်းခါပြီး
မညှာရက်စက်၊ မွှေနှောက်ဖျက်၍
အိုးပျက်အိမ်ပျက်၊ တိုက်တာပျက်ခဲ့
ကမ်းပျက်လမ်းပျက်၊ တံတားပျက်ခဲ့
ဆက်သွယ်ရေးပျက်၊ လမ်းကြောင်းပျက်ခဲ့
အသက်တွေဆုံး၊ လူဖြစ်ရှုံးခဲ့
ယူကျုံးမရ၊ ကြေကွဲရသည်
သောကအပူလောင်သတည်း။
ငလျင်ကပေး၊ ဒုက္ခဘေးကြောင့်
မအေးမချမ်း၊ စိတ်ညှိုးနွမ်းကာ
လောင်ကျွမ်းလှိုက်ဆူ၊ ဘေးသင့်သူကို
ကယ်သူဆယ်သူ၊ စောင့်ရှောက်သူနှင့်
ဝိုင်းသူဝန်းသူ၊ ရိုင်းပင်းသူနှင့်
ဖေးသူမသူ၊ အားပေးသူနှင့်
ပေးသူကမ်းသူ၊ လှူဒါန်းသူနှင့်
ကူညီဝေမျှ၊ ရက်ရောလှသည်
မြန်မာ့စိတ်ရင်း ဖွေးဖွေးတည်း။
ကမ္ဘာတစ်လွှား၊ နိုင်ငံများက
ကြားလျှင်ကြားချင်း၊ လူသားချင်းမို့
ကိုယ်ချင်းစာနာ၊ စေတနာနှင့်
ငဲ့ညှာထောက်ရှု၊ ကြင်နာမှုနှင့်
ကရုဏာသက်၊ မေတ္တာလက်နှင့်
ယှက်နွှယ်တွယ်ငင်၊ သံယောဇဉ်နှင့်
ငလျင်ဒဏ်ဘေး၊ ကူညီပေးသည်
မနှေးလျင်လျင် မြန်မြန်တည်း။
ပြည်တွင်းပြည်ပ၊ စာနာကြ၍
မျှဝေပေးလှူ၊ ဝိုင်းဝန်းကူလျက်
တူယှဉ်လက်တွဲ၊ ရင်ဆိုင်နွှဲကာ
ယိုင်လဲရာမှ၊ အားဖွင့်ထဖို့
ဘဝသစ်လွင်၊ အလှဆင်ဖို့
ငလျင်ဒဏ်အား၊ ဖြတ်ကျော်လွှားမည်
နိုးကြားအသိ ကိုယ်စီတည်း။
ရှေ့သို့လှမ်းချီ ညီညီတည်း။ ။
ရေနံ့သာမောင်ကျော်ညွန့်
