၃ နှစ်ကျော်ကာလအတွင်း တရားမဝင်ကုန်သွယ်မှုမှ (၄၅၈) ဘီလီယံကျော်တန်ဖိုးဖမ်းဆီးရမိ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃) နှစ်နှင့် (၁) လတာ ကာလအတွင်း တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိ အမှုတွဲ (၁၉,၀၀၀) ကျော်ရှိခဲ့ပြီး ခန့်မှန်းငွေကျပ် (၄၅၈) ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရရှိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများအနက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံး ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံးဖြစ်သလို မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက ဒုတိယအများဆုံးဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများက တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကို ကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် (၄၄.၁၈၃) ဘီလီယံနှင့် အများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရပြီး နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုး ကျပ် (၆၅) ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ် (၁၃၅) ဘီလီယံကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့သလို ၂၀၂၄ ခုနှစ်တွင် ငွေကျပ် (၂၂၃) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *