မြန်မာအမျိုးသမီးအသင်း အောင်ပွဲခံ ပုံရိပ်များ

နီပေါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ International Women’s Championship ချန်ပီယံ မြန်မာအမျိုးသမီးအသင်း၏ အောင်ပွဲခံပုံရိပ်များအား ဖော်ပြပေးလိုက်ပါတယ်။

နီပေါနိုင်ငံ၊ မြို့တော်ခတ္တမန္ဒုတွင် ကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အိမ်ရှင် နီပေါအမျိုးသမီးအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိမ်ရှင် နီပေါအမျိုးသမီးအသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ နာရီ ၄၅ မိနစ်တွင် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ပထမပိုင်းတွင် အိမ်ရှင်အသင်းကို ဂိုးမရှိသရေရလာဒ်ဖြင့် ကစားခဲ့ပြီးနောက် ဒုတိယပိုင်းပြန်စ၍ ၆၂ မိနစ်တွင် ရူပါခိုင်က မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးကို တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းယူခဲ့သလို နောက်ထပ်နှစ်မိနစ်အကြာ ၆၄ မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းယူရန်ကြိုးစားခဲ့သည့် ဘောလုံးမှာ နီပေါနောက်ခံလူတစ်ဦးနှင့်ထိကာ ဂိုဝင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်က လက်ဘနွန်အသင်းကို သုံးဂိုး တစ်ဂိုး၊ ဖေဖော်ဝါရီ ၂၀ ရက်က ကာဂျစ္စတန်အသင်းကို ငါးဂိုး ဂိုးမရှိနှင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင် နီပေါအသင်းကို ၂ ဂိုးစီသရေဖြင့် ရှုံးပွဲမရှိ ယှဉ်ပြိုင် ကစားပြီးနောက် ယခုနောက်ဆုံးဗိုလ်လုပွဲတွင်လည်း အိမ်ရှင်ဖိအားအောက်တွင် ပြိုင်ဘက်အသင်းကိုအနိုင်ယူကာ ချန်ပီယံဆုဖလားကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ယခုနှစ်အတွင်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲနှင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *