တရုတ်မယားအဖြစ် ဇတ်သွင်းဖို့ လုပ်ဆောင်နေသူများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့်ဖြစ်စဉ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ.နှင့် မတို့ မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ၍ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ Videoရိုက်ကူးကာ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့သော မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးတို့အား ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်တန်းချက်အရ ဖေဖေါ်ဝါရီ ၆  ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။အမှုမှ တရားခံဖြစ်သူ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 သည် ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG-.)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့သည်။ ဆက်လက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ အကြောင်းကြားခဲ့သည်။သို့ဖြစ်ရာ ဒလမြို့မရဲစခန်းမှ (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Feiအား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ရွှေမြင့်ဦး[ရွှေပြည်သာ]

Leave a Reply

Your email address will not be published. Required fields are marked *