အပြစ်ဆိုတာ (၂) ခုရှိတယ်

လုပ်တုန်းကဖြစ်တဲ့အပြစ်က တစ်ခု
လုပ်ပြီးတဲ့နောက် စိတ်ထဲမှာ စိတ်မကောင်းဖြစ်ပြီး
ပူလောင်နေတဲ့အပြစ်က တစ်ခု ပေါင်း(၂) ခုရှိတယ်။

လုပ်တုန်းက ဖြစ်သွားတဲ့အပြစ်ကို
“အာရမ္ဘဇ”လို့ခေါ်တယ်
အဲဒါတော့ လုပ်တုန်းကဖြစ်တဲ့ အပြစ်သည်
ဖြစ်သွားပြီးပြီ ပြင်လို့မရဘူး။

သို့သော်
” ဝိပ္ပဋိသာရဇ “လုပ်မိတဲ့အမှားတစ်ခုအတွက်
လူဟာ နောင်တရနေတတ်တယ်
စိတ်ပူနေတတ်တယ် အဲဒီစိတ်ပူနေတာလည်း အမှားပဲ။

ဘာကြောင့်တုန်းဆိုရင်
ပြင်လို့မရတဲ့ဟာအတွက် စိတ်ပူတာ
သက်သက်အကုသိုလ်ဖြစ်နေတာ။

အဲ့ဒီ” ဝိပ္ပဋိသာရဇ “လို့ခေါ်တဲ့
စိတ်ပူနေခြင်းကို ဟန်တားဖို့ရာအတွက်
အပြစ်ကို ဝန်ချတောင်းပန်ခြင်းဖြစ်တယ်။

ရဟန်းတွေ
အာပတ်ဒေသနာကြားတယ်ဆိုတာလည်း
” ဝိပ္ပဋိသာရဇ ” ကိုယ်လုပ်ခဲ့တဲ့ အမှားတစ်ခုပေါ်မှာ
နောင်တပူပန်တဲ့စိတ်ကို တားဖို့ရာအတွက် လုပ်တာ
လုပ်ပြီးသားအပြစ်ကို ပြင်တာမဟုတ်ဘူးလို့
ဒီလိုသဘောပေါက်နားလည်ရမှာဖြစ်တယ်။

နောက်ထပ်မတိုးအောင် လုပ်တဲ့သဘော
ငွေကြေးချေးထားလို့ရှိရင် ထိုငွေကြေးဟာ
အတိုးတက်နေရင် နေ့စဉ်အတိုးပေးရမှာပဲလေ
အဲဒါအတိုးကို ရပ်ဆိုင်းဖို့ကြိုးစားတဲ့သဘောမျိုးပဲ။

သြကာသနဲ့ ကန်တော့လိုက်တဲ့အခါမှာ
ခုဏအတိုးကို ရပ်လိုက်တဲ့သဘောပဲ
လုပ်ပြီးသားအမှားတော့ လုပ်ပြီသားပဲနော်
အဲ့ဒီအဓိပ္ပယ်ကို ဆိုလိုတာ။

ဒါကြောင့်မို့
အမှားပြင်တဲ့အခါမှာ”အာယာတိံ သံဝရ”လို့ခေါ်တယ်
နောင်ထပ်မလုပ်ဖို့ရာ အရေးကြီးဆုံးပဲ
ထပ်မလုပ်တဲ့အခါ ထပ်မတိုးတော့ဘူး
ထပ်မတိုးလို့ရှိရင် တစ်ဖြည်းဖြည်း ကောင်းတာတွေက
တိုးပွားလာပြီး မကောင်းတာဟာ တစ်ဖြည်းဖြည်း
လျော့ပါးသွားမှာပဲဖြစ်တယ်ပေါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏