ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ ဦးစွာ နိုင်ငံတော်သမ္မတသည် ဟနွိုင်းမြို့မှ Hai Phong မြို့သို့ အထူးမော်တော်ယာဉ်တန်းဖြင့်သွားရောက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်တွင် ဗီယက်နမ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများနှင့်စနစ်တကျတည်ဆောက်ထိန်းသိမ်းထားရှိမှုများ၊ လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြို့ပြနှင့်ကျေးလက်လူနေထိုင်ရာနေရာများကို အချိုးကျကျဖြင့်စနစ်တကျမြေအသုံးချထားရှိမှုများ၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများအားကုန်ထုတ်လမ်းများဖောက်လုပ်၍ စနစ်တကျအကောင်အထည်ဖော်တည်ဆောက်ထားရှိမှုများအားလေ့လာ ကြည့်ရှုသည်။ …