ထမင်းစားပြီးသွေးလေးလိုက်တာ၊ အိပ်ချင်လာပြီလို့ ခံစားနေရတာကို တင်းခံနေမယ်လို့များတွေးနေလား။ တင်းခံမနေပါနဲ့။နေ့လယ်ခင်း အိပ်ချင်လာရင် အိပ်သာအိပ်လိုက်ပါ။ အိပ်စက်မှုက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။နေ့ခင်းဘက်မှာ နာရီဝက် ၄၅ မိနစ်လောက် အိပ်စက်မှုက ဦးနှောက်အတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါအထောက်အကူပြုပေးနိုင်ပါတယ်။
နေ့လယ်ခင်းအိပ်စက်မှုက ဒီလိုမျိုးကောင်းကျိုးတွေရရှိနိုင်ပါတယ်
မှတ်ဉာဏ်တိုးစေနိုင်တယ်
လေ့လာမှုတွေအရနေ့ခင်းဘက်မှာ အိပ်စက်တာက မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သတိမေ့တာမျိုး၊ နှုတ်ဖျားလေးတင်မေ့နေတယ်ဆိုတာမျိုးမဖြစ်အောင်နေ့လယ်ခင်းအိပ်စက်ပေးပြီး ဦးနှောက် စွမ်းရည်ကိုမြှင့်တင်ပေးပါ။
ခွန်အားပြည့်စေနိုင်တယ်
နေ့ခင်းအိပ်စက်မှု ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ခန္ဓါကိုယ် လှုပ်ရှားမှုကိုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၂၀ ခန့်အိပ်စက်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓါကိုယ်ကို အားပြန်သွင်းပေးရာလည်းရောက်ပါတယ်။ ထမင်းစားပြီး ခဏလောက်တော့ အိပ်စက်အနားယူပေးပါ။
စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်တယ်
နေ့ခင်းပုံမှန်အိပ်စက်တဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးကြပါတယ်။နေ့ခင်း ၁ နာရီ ကနေ ၃ နာရီအတွင်းမှာ တစ်ရေးလောက်အိပ်တာက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။နေ့ခင်းပိုင်းမှာ နာရီဝက်လောက် အိပ်စက်မှုက စိတ်ဖိစီးမှုကို သက်သာစေပြီး အာရုံစိုက်မှုကို ပိုကောင်းစေနိုင်မှာပါ။
ကိုယ်ခံအားေကာင်းစေနိုင်ပါတယ်
နေ့ခင်းဘက်မှာ တစ်ရေးလောက် အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ တစ်နေ့ကိုနေ့ခင်းပိုင်းမှာ မိနစ် ၃၀လောက်အိပ်စက်ပေးပါ။ ဖျားနာမှုကင်းဝေးပြီးပေါ့ပါးလန်းဆန်းနေမှာ အသေအချာပါပဲ။
စိတ်ခံစားမှုကောင်းစေနိုင်တယ်
ညဘက်အိပ်ရေးပျက်တဲ့အခါနောက်တစ်နေ့မှာ အလုပ်တွေကောင်းကောင်းမလုပ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ မကြည်သာတာမျိုးလည်းဖြစ်ဖူးမှာပါ။ ဒီလိုဖြစ်တဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့နေ့ခင်း တစ်မှေးလောက်အိပ်လိုက်တာပါပဲ။ ကဖင်းပါတဲ့ အရာတစ်ခုခုကိုသောက်တာထက်နေ့ခင်းတစ်မှေးအိပ်လိုက်တာက စိတ်ခံစားမှုကောင်းမွန်စေဖို့ ပိုပြီးအထောက်အကူပြုနိုင်မှာပါ။ ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည်ဖြည့်တင်းရာလည်းရောက်ပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
နေ့စဉ်နေ့ခင်းပိုင်းမှာ ၄၅ မိနစ် ၁ နာရီခန့်အိပ်စက်သူတွေဟာသွေးဖိအားအခြေအနေကောင်းမွန်ကြပြီး နှလုံးကျန်းမာကြတယ်၊လို့လေ့လာမှုတစ်ရပ်မှာဖော်ပြပါရှိပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်ရင်တော့နေ့ခင်းပိုင်း ၁ နာရီ ကနေ ၃ နာရီအတွင်း ၄၅ မိနစ်လောက် သက်တောင့်သက်သာလေးအိပ်စက်ပေးပါ။
ညဘက်ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်
နေ့ခင်းဘက်အိပ်ရင် ညဘက်အိပ်ပျော်မှာ မဟုတ်ဘူးလို့ပြောကြလေ့ရှိပါတယ်။ ဒါက တကယ်တော့မဟုတ်ပါဘူး။နေ့ခင်းဘက်အိပ်စက်တာက ညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်မှေးလောက်တော့မှေးလိုက်ပါ။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့နေ့ခင်းတစ်မှေးလောက်တော့မှေးလိုက်ပါ။
တီထွင်ဖန်တီးမှုစွမ်းရည်ကောင်းမွန်စေနိုင်တယ်
နေ့လယ်ခင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုက တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ အိပ်စက်မှုက ဦးနှောက်ကို ကျန်းမာစေပြီး တီထွင်ဆန်းသစ်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။