“တန်ဖိုးရှိတဲ့လူ”

လူ့ဘဝသက်တမ်းကို
ယေဘူယျ (၇၅)နှစ်ပဲ ထားလိုက်ပါ၊
အသက်(၄၀)ရှိနေတဲ့ လူတစ်ယောက်ဟာ
(၃၅)နှစ်ပဲ နေရတော့မှာပါ၊
အသက်(၆၀)ရှိတဲ့ လူတစ်ယောက်အဖို့
ဘဝမှာ(၁၅)နှစ်ပဲ နေရတော့မှာပါ။

လက်ကျန်အချိန်က
အလွန်ကို နည်းနေပါပြီ၊
ကျန်တဲ့အချိန်လေးက ကိုယ့်အတွက်
သိပ်တန်ဖိုးကြီးပါတယ်။

အဲဒီ လက်ကျန်အချိန်လေးမှာ
သူတစ်ပါးကောင်းတာ မကောင်းတာကို
ဝေဖန်ရမဲ့အချိန်/အရွယ် မဟုတ်တော့ဘူး၊
ကိုယ့်အတွက် အကောင်းဆုံးနေရမဲ့
အချိန်/အရွယ် ဖြစ်နေပါပြီ။

ဒီတော့ ကျန်နေတဲ့သက်တမ်းကို
ဘယ်လို အသုံးချ မှာလဲ?
ဒီမေးခွန်းက ကိုယ့်ကိုယ်ကို
နေ့တိုင်း မေးနေရတော့မှာပါ။

မနက်အိပ်ယာထတာနဲ့
ကိုယ်လက်သန့်စင်၊ဘုရားခန်းဝင်ပြီး
ငါးပါးသီလ ယူလိုက်ပါ၊
ဒါဆိုသီလသိက္ခာ တည်သွားပါပြီ၊
ဂုဏ်တော်ကို ငါးမိနစ်ပွားပါ၊
မေတ္တာကို ငါးမိနစ်ပွားလိုက်မယ်ဆိုရင်
သမာဓိသိက္ခာ တည်သွားပါပြီ၊
ဝိပဿ နာကို ငါးမိနစ်ပွားလိုက်ရင်
ပညာသိက္ခာ တည်သွားပါပြီ။

သီလ သမာဓိ ပညာဆိုတဲ့
သိက္ခာသုံးပါး ကိုယ့်ရင်ထဲရောက်သွားရင်
တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။

မနက်အိပ်ယာက နိုးတာနဲ့
ချက်ချင်းမထသေးပဲ-
“တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ်
သေရန်တစ်ရက် နီးလာပြီ”လို့
နှစ်ခေါက်လောက် ဆင်ခြင်လိုက်ရင်
ကိုယ့်ကိုယ်ကို သတိပေးပြီးဖြစ်သွားပြီ။

ဒါဆိုရင် တစ်နေ့တာဖြတ်သန်းတဲ့အခါ
အကုသိုလ်ပြုချင်စိတ်တွေ မရှိတော့သလို
ကုသိုလ်အလုပ်တွေ ပြုလုပ်ဖို့
သေချာသလောက် ဖြစ်သွားပြီ။

ဒါကြောင့်
ဘယ်အသက်အရွယ်ဖြစ်စေ
ကျန်ရှိနေသေးတဲ့ သက်တမ်းအတွက်
ဘဝပုံစံ သေသေချာချာချမှတ်ပြီး
နေ့စဉ် သိက္ခာသုံးပါးတည်နေမယ်ဆိုရင်
တန်ဖိုးရှိတဲ့သူ ဖြစ်နေမှာပါပဲ။

ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)