အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ နိုင်ငံရေးအရ ဘက်လိုက်မှုများနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းကြား ဝေဖန်ကန့်ကွက်မှုများ မြင့်တက်နေချိန်တွင် ဗဟိုအာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် တာဂျစ်ကစ္စတန် (Tajikistan) နိုင်ငံသည်လည်း ICC အဖွဲဝင်အဖြစ်မှ နုတ်ထွက်ရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတကာသတင်းရင်းမြစ်များနှင့် သံတမန်အသိုင်းအဝိုင်းထံမှ သိရသည်။
တာဂျစ်ကစ္စတန်နိုင်ငံသည် ICC ၏ အခြေခံဥပဒေဖြစ်သော ရောမသဘောတူစာချုပ် (Rome Statute) ကို ၂၀၀၀ ပြည့်နှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံတကာ တရားစီရင်ရေးအဖွဲအစည်းများ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်များနှင့် နိုင်ငံရေးဖိအားပေးမှုများအပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
အထူးသဖြင့် ICC ၏ ဖမ်းဝရမ်းထုတ်ပြန်မှုများနှင့် စုံစမ်းစစ်ဆေးမှုများသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် မဟာမိတ်နိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးလာသည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် သံတမန်ဆက်ဆံရေးကို အဟန့်အတား ဖြစ်စေကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
ရောမသဘောတူစာချုပ် အပိုဒ် ၁၂၇ အရ အဖွဲဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ICC မှ နုတ်ထွက်လိုပါက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ တရားဝင် စာဖြင့် အကြောင်းကြားရမည်ဖြစ်ပြီး၊ အကြောင်းကြားစာ လက်ခံရရှိပြီး တစ်နှစ်အကြာတွင် နုတ်ထွက်မှု တရားဝင် အသက်ဝင်မည် ဖြစ်သည်။
လက်ရှိတွင် ICC ၌ ရောမသဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးထားသည့် အဖွဲဝင်နိုင်ငံ စုစုပေါင်း ၁၂၅ နိုင်ငံ (အာဖရိက ၃၃ နိုင်ငံ၊ လက်တင်အမေရိကနှင့် ကာရေဘီယံ ၂၈ နိုင်ငံ၊ အနောက်ဥရောပနှင့် အခြား ၂၅ နိုင်ငံ၊ အရှေ့ဥရောပ ၂၀ နိုင်ငံနှင့် အာရှ-ပစိဖိတ် ၁၉ နိုင်ငံ) ရှိသော်လည်း၊ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ကို ကိုယ်စားပြုသည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့် အင်အားကြီးနိုင်ငံများသည် ICC အဖွဲဝင်အဖြစ် လုံးဝပါဝင်ခြင်း မရှိပေ။
ထိုပြင် ICC သမိုင်းတစ်လျှောက်တွင် ရောမသဘောတူစာချုပ် အပိုဒ် ၁၂၇ အရ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုများကို လက်မခံနိုင်သဖြင့် အဖွဲဝင်အဖြစ်မှ တရားဝင် နုတ်ထွက်သွားသည့် နိုင်ငံ ၂ နိုင်ငံ ရှိခဲ့ပြီး၊ ၎င်းတိုမှာ ဘူရွန်ဒီ (Burundi) (၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တရားဝင်နုတ်ထွက်) နှင့် ဖိလစ်ပိုင် (Philippines) (၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် တရားဝင်နုတ်ထွက်) တို ဖြစ်ကြသည်။
အလားတူ တောင်အာဖရိကနှင့် ဂမ်ဘီယာနိုင်ငံတိုသည်လည်း ၂၀၁၆ ခုနှစ်အတွင်းက နုတ်ထွက်ရန် အကြောင်းကြားစာ ပေးပိုခဲ့ကြဖူးသည်။
ယခု တာဂျစ်ကစ္စတန်နိုင်ငံ၏ နုတ်ထွက်မည့် ခြေလှမ်းသည် နိုင်ငံတကာ တရားစီရင်ရေး စနစ်၏ ဘက်လိုက်မှုများအပေါ် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ အယုံအကြည် ကင်းမဲ့လာမှုကို ထပ်မံမီးမောင်းထိုးပြနေခြင်း ဖြစ်သည်။
ထူးမောင် ဖန်ခါးမြေ
