ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ညမီးကြီးနှင့်စိန်နားပန်မီးပုံးပျံလွှတ်တင်ပြိုင်ပွဲ (တတိယည)ကို နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက ဆက်လက်ကျင်းပသည်။
အဆိုပါ မီးပုံးပျံပြိုင်ပွဲ၌ တောင်ကြီးမြို့နယ် ရပ်ကွက်အသီးသီးနှင့်ပတ်ဝန်းကျင်ဒေသများ၊ မီးပုံးပျံဝါသနာရှင်များ၊ မီးပုံးပျံအဖွဲ့ဝင်များက အိုးစည် ဗုံမောင်းများတီးမှုတ်ကခုန်၍ ညမီးကြီး ၂၅ ပေအမျိုးအစား ခြောက်လုံးနှင့် စိန်နားပန်အလှမီးပုံးပျံ လေးလုံး စုစုပေါင်းမီးပုံးပျံ ၁၀ လုံးကို ရှေးရိုးရာအစဉ်အလာမပျက် စနစ်တကျစုပေါင်းလွှတ်တင်ယှဉ်ပြိုင်ကြသည်။
ထိုသို့ယှဉ်ပြိုင်နေမှုကို အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာဧည့်ပရိသတ်များသာမက ကမ္ဘာလှည့်ခရီးသွားဧည့်သည်များပါ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ပွဲဈေးဆိုင်ခန်းများ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေတင်ဆက်သည့်နေရာများ၊ ပျော်ပွဲရွှင်ပွဲနေရာများတွင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
