မြန်မာ့ရေထွက်ကုန် ငါးပိ၏ ကျန်းမာရေးနှင့် ကောင်းကျိုးများ

မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားလေ့ရှိသောငါးပိသည် မြန်မာတို့၏ မီးဖိုချောင်တိုင်းတွင် မရှိမဖြစ် ဆောင်ထားတတ်ကြသော အစားအစာတစ်မျိုးလည်း ဖြစ်သည်။ ငါးပိသည် မွန်ဘာသာ “ကပိ”မှ ပြောင်းလဲလာခြင်းဖြစ်ပြီး ထို “ကပိ” သည်လည်း မွန်ဘာသာ “ကပွိုက်” ကနေမှ ဆင်းသက်လာတာဖြစ်သည်။ ငါးပြေမ၊ ငါးရံ့၊ငါးခူ ငါး(၃)မျိုးကို ရောစပ်ပြီး ပြုပြင်စီမံထားသော အာဟာရဟု အဓိပ္ပါယ်ရသည်။

ငါးပိတွင်ပါဝင်သော ဓာတ်သဘာဝများ

ငါးပိတွင် ရသဓာတ်၊သွေးဓာတ်၊အသားဓာတ်၊အဆီဓာတ်၊ အရိုးဓာတ်ဆိုသည့် ဓာတ်ပေါင်းစုံပါဝင်သည့်ငါးရိုးအမျိုးမျိုးကို ထောင်းထုကြိတ်ချေထားသည့်အတွက် အရိုးဓာတ်ကို ခိုင်မာစေသည့်ထုံးဓာတ် အပြည့်အဝပါပြီးဖြစ်၍ သွားများကို သာမက တစ်ကိုယ်လုံးတွင်ရှိသော အရိုးများကိုလည်း ခိုင်မာစေပါသည်။

သိပ္ပံနည်းအရဆိုလျှင် ယေဘုယျအနေဖြင့် ငါးပိတွင် ရေဓာတ် ၄၀ ဒသမ ၅ ရာခိုင်နှုန်း၊ ပရိုတင်းဓာတ် ၂၀ ဒသမ ၃ ရာခိုင်နှုန်း၊ အဆီ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်သုံးဆား ၁၀ ဒသမ ၂၅ ရာခိုင်နှုန်း ပါဝင်ပါသည်။ငါးပိတွင် ရေဓာတ်၊ အသားဓာတ်များအပြင် သွေးအားကောင်းစေသော သံဓာတ်၊သတ္တုဓာတ်များနှင့် DHA အပါအဝင် polyunsaturated fatty acids များ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်သည့် အာနိသင်နှင့် သတ္တုဓာတ်အဆိပ်သင့်ခြင်းကို ဟန့်တားသက်သာ စေသည့် အာနိသင်များ ပါရှိသည်ဆိုပြီးလည်း တွေ့ရှိရပါသည်။

ငါးပိမျိုးကွဲများ

မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးသော ငါးပိကို အကြမ်းအားဖြင့် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဓမင်းငါးပိ၊ ရေကျိုငါးပိနှင့် ငါးပိကောင်ဟု ခွဲခြား
နိုင်သည်။

မြန်မာတို့သည် ဟင်းချက်ရာ၌ ငါးပိအား ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြသည်။ အဆိုပါ ငါးပိအား ငါးဖြင့်သော်လည်းကောင်း၊ ပုစွန်၊မျှင်များဖြင့်သော်လည်းကောင်း ပြုလုပ်လေ့ရှိသည်။

ငါး ငါးပိပြုလုပ်ရာတွင် ငါး၊ ပုစွန်ပေါက်၊ ကဏန်းအငယ် အစရှိသဖြင့် ဖမ်းဆီးရမိလာသမျှအား နေခြောက်လှန်း၍တစ်မျိုး၊ ဆားနယ်ခြောက်လုပ်၍တစ်ဖုံ ပြုလုပ်ပြီး ရောနှောထုထောင်းကာ ငါးပိဖြစ်အောင် အသွင်ပြောင်းယူကြသည်။ ထိုသို့ ထုထောင်း ရာတွင် ကြေညက်ခဲသည့် အကြေးခွံ၊ ငါးအရိုး အပိုင်းအစကလေးများ ရောပါတတ်သည်။ ရေနှင့် ဦးစွာဖျော်ပြီး အဆိုပါအပိုင်းအစကလေးများအား ဖယ်ထုတ်ပြီးမှ အသုံးပြုသင့်သည်။ အသုံးပြုသော ငါး၊ ပုစွန်၊ ကဏန်းများ၏ ‌ခြောက်သွေ့မှုအပေါ်မူတည်၍ အနံ့အသက်၊ အရသာ ကွာခြားတတ်သည်။

ပုစွန်ငါးပိ အနေဖြင့်မူ ရွှေပုစွန်ခြောက်ပြုလုပ်ပြီး ကျန်ရှိနေသော အပိုင်းအစများ၊  ရေခဲပုစွန်အနေဖြင့် ရောင်းတန်းမဝင်သော ‌ပုစွန်ခေါင်းနှင့် အခွံများအား ကြိတ်၊ ထောင်း၍ ငါးပိပြုလုပ်လေ့ ရှိသည်။ ဖောင်တော်ဦး(ပုစွန်ခေါင်းထိပ်မှ အစူးချွန်)နှင့် မကြေညက်သည့်အခွံမာကလေးများ ပါဝင်တတ်သည်မှအပ ပုစွန်အရသာ သင်းပျံ့ပျံ့အား ခံစားနိုင်သည်။

မျှင်ငါးပိကို မျှင်(ခေါ်)ဂွေးကောင်လေးများဖြင့် ပြုလုပ်သည်။ ရရှိသည့် ရေမြေဒေသအပေါ်မူတည်၍ အရောင်၊ အရည်အသွေး ကွဲပြားတတ်သည်။ မြစ်ချောင်းများမှ ဖမ်းဆီး ရမိသော မျှင်ကောင်ငယ်ကလေးများမှာ ဖြူဖျော့ဖျော့နှင့် နုန်းမြေမှုန်ကလေးများ ကပ်ငြိပါလာတတ်သည်။ ဆားငန်ရည်ပြင်းသော ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော မျှင်ကောင်အငယ်လေးများမှာမူ ပန်းရောင်ဖျော့ဖျော့ ရှိတတ်သည်။ မျှင်ကောင်ငယ်ကလေးများမှာ နူးညံ့လွန်းသဖြင့် ထု၊ ထောင်း၊ ကြိတ်လိုက်သည်နှင့် လွယ် လင့်တကူ ကြေညက်သွားလေ့ရှိသည်။ ရေတွင် လွယ်လင့်တကူ ပျော်ဝင်နိုင်သည်။

ငါး ငါးပိ၊ ပုစွန်ငါးပိ၊ မျှင်ငါးပိဟူ၍ ကွဲပြားခြားနားလေရာ တန်ဖိုးသည်လည်း ကွာခြားသည်။ အလားတူ ငါးပိပြုလုပ်သူ၏စေတနာသက်ရောက် မှုအပေါ်မူတည်ပြီး အရသာရော အနံ့အသက်ပါ ကွဲပြားနိုင်သည်။ 

ငါးပိမှ ရရှိသော အာဟာရဓာတ်များ

ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။ ထို့ပြင် သွေးအားကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။  စိမ်းစားနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁၀ မှ ၂၅၊ ရေကျို ငါးပိ၊ ဓမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများပါသောကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ ငါးပိအမျိုးအစားကိုလိုက် ၍ ငါးပိတစ်အောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ ဖော့စဖောရပ်မှာမူ ၀ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။

အစားအစာများတွင် ကယ်လဆီယမ် ရာခိုင်နှုန်းများသည် အောက်ပါအတိုင်း ဖြစ်သည်။

  • နို့         – ၀ ဒသမ ၁၂ 
  • ကြက်သွန်ဖြူ     – ၀ ဒသမ ၃၀ 
  • နှမ်း         – ၁ ဒသမ ၄၅ 
  • ဒန့်သလွန်ရွက်     – ၀ ဒသမ ၄၄ တရုတ်နံနံရွက်     – ၀ ဒသမ ၂၃ 
  • ပူဒီနာ         – ၀ ဒသမ ၂၀ 

အထက်ပါ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်သော် ငါးပိသည် ကယ်လဆီယမ်များစွာ ပါသည့်အစာဟု ဆိုနိုင်သည်။ ငါးပိ များများစားရန် လိုသည်။ လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ် လုံလောက်စွာမရလျှင် ရောဂါအမျိုးမျိုး စွဲကပ်တတ်သည်။ လူကြီးတစ်ယောက်လျှင်တစ်နေ့လျှင် ကယ်လဆီယမ် ၀ ဒသမ ၆၈ ဂရမ် လောက် လိုသည်။ ကျွန်ုပ်တို့သည် ငါးပိကို နေ့စဉ်စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုး
စလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာမရသော် ရစ်ကက်ရောဂါ စွဲကပ်တတ်သည်။ လူကြီးတိုင်းနေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက်လိုသည်။ ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသောဆန်တွင် ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက်ပို၍ ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ် နှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ၀ ဒသမ ၁၅ ရာခိုင်နှုန်း ဖြစ်ရာ ငါးပိနှင့်ထမင်းစားခြင်းသည် အာဟာ ရဖြစ်စေသည်။

ငါးပိ၏ခန္ဓာကိုယ်အတွက်အကျိုးပြုပုံ

ကျွန်ုပ်တို့ ကိုယ်ခန္ဓာကြံ့ခိုင်တည်တံ့ရေးအတွက် နေ့စဥ် ထမင်းကို စားသောက်ကြရာတွင် နှုတ်မြိန်ဖို့သည် အရေးအကြီးဆုံးဖြစ်ပါသည်။ငါးပိ၏အရသာမှာဆိုလျှင် လျှာတွင်စုပေါင်းနေသော အရသာကို ဆောင် ယူတတ်သော(ရသဟရဏီ)အကြော များကို စိမ့်ဝင်ပြီး တစ်ကိုယ်လုံးကို ပြန့်နှံ့သွားပါသည်။

ထိုသို့ ပြန့်နှံ့သွားသည့်အခါ ရသဓာတ်၊သွေးဓာတ်၊အဆီဓာတ်၊အရိုးဓာတ်၊ ခြင်ဆီဓာတ်၊ သုက်ဓာတ်တို့ ကိုလည်း အသင့်သင့် အကျိုးပြုသည့်အတွက် အားရှိပြီးနှုတ်ကိုမြိန်စေပါသည်။တိုင်းရင်းဆေးကျမ်းများ တွင် မစားချင် မသောက်ချင် နှုတ်မမြိန်သောရောဂါကို အရုစိရောဂါဟု ခေါ်ပါသည်။ထိုကဲ့သို့ ထမင်းကို မတောင့်တဘဲ အရုစိရောဂါဖြစ်နေသူများကို ငါးပိကို သံပုရာရည်နှင့်သုပ်ပြီးဟင်းချိုနှင့်တွဲဖက်ကျွေးမည် ဆိုလျှင် ထမင်းစားမြိန်လာစေမည်ဖြစ်ပြီး အရုစိရောဂါကို သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်ကိုအင်အားရှိစေသည်ဟု ဖော်ပြထားတာတွေ့ရပါသည်။

ထို့ပြင် ကျွန်ုပ်တို့ နေ့စဥ် အာဟာရများကို မှီဝဲသည့်အခါ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေဖို့က လေ၊ သည်းခြေ၊ သလိပ်တို့ကို ညီညွှတ်မျှတစေပြီး ဓာတ်တစ်မျိုးမျိုးကို တဖက် သတ် မလွန်ကဲစေသည့် အစာ အာဟာရမျိုးများကို ရွေးချယ်စားသုံးပေးဖို့ကလည်း အရေးကြီးပါသည်။ငါးပိတွင် ငါးမျိုးစုံ စုပေါင်းနေပြီး ထိုငါးများ၏ အသားဓာတ်၊အသွေးဓာတ်၊အရိုးဓာတ်၊ခြင်ဆီဓာတ်၊ သုက်ဓာတ်ဆိုသည့် ဓာတ်ပေါင်းစုံတို့နှင့် ထုံထားသည့်အတွက် အာဟာရဖြစ်ရုံသာမက အရသာဟူသမျှကို ထိန်း ချုပ်ထားနိုင်သည့် ဆားဓာတ်ကလည်းလွှမ်းမိုးပါသည်။ထို့အပြင် အရိုး၊အသား၊အသွေး၊သည်းခြေတို့ကို နူးနပ်ကြေမွသွားအောင် အကြိမ် ကြိမ်ထောင်းထုပြီး လုံခြုံအောင်ဖိသိပ်ပြီး ပြုလုပ်ထားသည့်အတွက် အရသာချင်းပေါင်းကူးပြီး ခန္ဓာကိုယ် ၏ဓာတ်သဘာဝများကို ညီညွတ်မျှတစေသည့် ထူးခြားသော အာဟာရ ကို ရောက်ရှိပါသည်။ ထို့ကြောင့် အခြေပြုဆေးအဘိဓါန်မှာဆိုလျှင် “ငါးပိသည် ဓာတ်၇ပါးကို ပွားစီးစေတယ်၊ဝမ်းကိုမချုပ်စေတတ်ဘူး၊ဒေါသ(၃)ပါးကို ညီညွတ်စေတယ်၊အားရှိစေတယ်၊ကျန်းမာစေတယ်၊ ပေါ့ပါးစေတယ်၊နှုတ်မြိန်စေပြီး အစာကိုကြေစေတယ်”ဟုဖော်ပြထားပါသည်။

ငါးပိကို မစားသင့်သော အခြေအနေများ

ငါးပိတွင် ဆားဓာတ်၊ထုံးဓာတ်များ များစွာပါဝင်သည့်အတွက် သွေးတိုး ရောဂါရှိသူများ၊ဆီးချိုရောဂါရှိသူများ၊ကျောက်ကပ်ရောဂါခံစားနေရသူများအနေဖြင့် မစားသင့်သည့်အပြင် အဆစ်ရောင်ရောဂါ ဝေဒ နာများ၊ နာတာရှည်ရောဂါဝေဒနာများ ခံစားနေရသူများအနေဖြင့်လည်း အနည်းငယ်သာစားသင့်ပါသည်။ မည်သည့်အစားအစာမဆို တန်ရင်ဆေး၊လွန်ရင်ဘေး ဆိုသလို သင့်တော်ရုံသာ စားသုံးသုံးစွဲခြင်းက အကောင်းဆုံးပဲဖြစ်ပါသည်။

ယခုနောက်ပိုင်းတွင် ပြည်သူတွေအနေနှင့် တစ်ခုသတိထားရမှာက ငါးပိကိုပြုလုပ်သည့်အခါမှာ အဓိက အလးထားရမည့်သန့်ရှင်းမှုကို ဂရုမပြုကြတော့သည့်အပြင် မသုံးသင့်သော အရောင်ဆိုးဆေးများ၊ လူကို ဘေးဖြစ်စေသည့် ခွင့်မပြုထားသော ဓာတုပစ္စည်းများ၊အရိုးအသားများကို မြန်မြန်နူးနပ်စေသည့် ပစ္စည်းများ၊တာရှည်ခံဆေးများကို ထည့်သွင်းအသုံးပြုလာကြသည်ကိုလည်း တွေ့လာရပါသည်။ ထို့ကဲ့သို့ ပြုလုပ်ထားသော ငါးပိများကို စားသုံးမိမည်ဆိုလျှင် ငါးပိမှာပါသောအာဟာရဓာတ်များကို မရရှိသည့်အပြင် အခြားဘေးထွက်ဆိုးကျိုးများကိုပါရရှိပြီး ကျန်းမာရေး ထိခိုက်စေနိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်-

ငါးပိသည် အာဟာရတန်ဖိုးများ များပြားစွာရရှိနိုင်သော ရေထွက်ကုန်ဖြစ်ပြီး နည်းလမ်းမှန်ကန်စွာ၊ သန့်ရှင်းသပ်ရပ်စွာပြုလုပ်ထားသော ငါးပိကိုစားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း လေ့လာရေးသား လိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *