ဥရောပဒေသတစ်ဝန်းမှာရှိတဲ့ခရီးသည်တင်လေကြောင်းလိုင်းများစွာဟာ နိုဝင်ဘာလ ၅ ရက်မှာဗုံးလန့်မှုများနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။ အခုလိုဖြစ်တာဟာဒီသီတင်းပတ်အတွင်းမှာပဲ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဗုံးလန့်မှုတွေဖြစ်ပွားပြီးနောက် ခရီးသည်တင်လေယာဉ်များစွာဟာ အရေးပေါ်ဆင်း သက်မှုတွေ၊ အစောင့်လိုက်ပါဆင်းသက်မှုတွေလုပ်ဆောင်ခဲ့ရပါတယ်။ အခုလိုဖြစ်စဉ်တွေထဲ ဘယ်လေယာဉ်မှာမှ ဗုံးမတွေ့ရှိရဘူးလို့သိရပါတယ်။
ဒီကနေ့ဖြစ်ပွားတဲ့ ဗုံးလန့်မှုမှာခရီးသည်တင်လေယာဉ် ၁၂ စင်းကပစ်မှတ်ထားခံခဲ့ရတာဖြစ်တယ်လို့ သတင်းဌာနတချို့ကဖော်ပြထားပါတယ်။ ပြင်သစ်အစိုးရတော့Aer Lingus လေကြောင်းလိုင်းမှာဒီဖြစ်စဉ်ဖြစ်တယ်လို့ သတင်းရရှိတာနဲ့ချက်ချင်း တိုက်လေယာဉ်တွေစေလွှတ်ပြီး ခရီးသည်တင်လေယာဉ်ကိုအစောင့်လိုက်ကာ ဘေးကင်းစွာဆင်းသက်နိုင်အောင်ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအခြေအနေတစ်ခုလုံးကို ဝန်ကြီးချုပ်ရုံးက ကွပ်ကဲခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီလိုမျိုးဗုံးလန့်မှုဖြစ်စဉ်ကြောင့် ခရီးသည်တင်လေယာဉ်များစွာဟာ ဗီယန်နာလေဆိပ်၊ ဘရပ်ဆဲလေဆိပ်၊ ဆိုဖီယာလေဆိပ်၊လော့ဒစ်လေဆိပ်၊ ပရာ့လေဆိပ်၊ဘူခါရက်လေဆိပ်တို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃ ရက်ကလည်း ဥရောပတစ်ဝန်းရှိခရီးသည်တင်လေယာဉ်၁၀ စင်းဟာ ဗုံးလန့်မှုအတွက်ပစ်မှတ်ထားခံခဲ့ရပါသေးတယ်။အဲဒီအခြေအနေကြောင့်ဝါဆောလေဆိပ်ကိုပိတ်ခဲ့ရသလိုရောမမြို့တစ်ဝန်းမှာ လေတပ်မှလေယာဉ်များစွာပျံဝဲခဲ့ရပါတယ်။Ref: AGC
