- Scandium (စကန်ဒီယမ် – Sc)
- Yttrium (အစ်ထရီယမ် – Y)
- Lanthanum (လန်သနမ် – La)
- Cerium (ဆီးရီယမ် – Ce)
- Praseodymium (ပရာဆီယိုဒီယမ် – Pr)
- Neodymium (နီယိုဒီယမ် – Nd)
- Promethium (ပရိုမက်သီယမ် – Pm)
- Samarium (ဆမေရီယမ် – Sm)
- Europium (ယူရိုပီယမ် – Eu)
- Gadolinium (ဂက်ဒီလီနီယမ် – Gd)
- Terbium (တာဘီယမ် – Tb)
- Dysprosium (ဒစ်စပရိုဆီယမ် – Dy)
- Holmium (ဟိုလ်မီယမ် – Ho)
- Erbium (အာဘီယမ် – Er)
- Thulium (သူလီယမ် – Tm)
- Ytterbium (အီတာဘီယမ် – Yb)
- Lutetium (လုတီဆီယမ် – Lu)
၁။ စကန်ဒီယမ်ကို အလူမီနီယမ်-စကန်ဒီယမ် သတ္တုစပ်တွေ၊ အခဲပုံစံ အောက်ဆိုဒ် လောင်စာဆဲ(လ်)တွေ (Solid Oxide Fuel Cells) နဲ့ အားကစားကွင်းသုံး မီးအလင်းရောင်စနစ်တွေမှာ အသုံးပြုကြပါတယ်။
၂။ ယစ်ထရီယမ်ကိုတော့ YSZ ကြွေထည်တွေ (ယစ်ထရီယမ်နဲ့ တည်ငြိမ်အောင် ပြုလုပ်ထားတဲ့ ဇာကိုးနီးယား)၊ LED မီးသီးသုံး အလင်းလွှတ်ပစ္စည်း (Phosphor) တွေ၊ ဂျက်အင်ဂျင် အပူဒဏ်ခံ အလွှာ (Coating) တွေနဲ့ လျှပ်ကူးပစ္စည်း (Superconductor) တွေမှာ သုံးပါတယ်။
၃။ လန်သနမ်ကို ရေနံချက်တဲ့နေရာမှာ သုံးတဲ့ FCC ဓာတ်ကူပစ္စည်းတွေ၊ နီကယ်-မက်တယ် ဟိုက်ဒရိုက် (NiMH) ဘက်ထရီ လျှပ်ခေါင်းတွေ၊ မှန်ဘီလူးလို အလင်းသုံး ဖန်ထည်ပစ္စည်း (Optical Glass) တွေ နဲ့ ဟိုက်ဒရိုဂျင် သိုလှောင်မှု စနစ်တွေမှာ သုံးပါတယ်။
၄။ စီရီယမ်ကို မော်တော်ယာဉ် အိပ်ဇောစစ်ထုတ်စနစ်တွေ (Catalytic Converters)၊ ဖန်သားအချောတိုက်ပစ္စည်းတွေ (Glass Polishing)၊ ဒီဇယ်လောင်စာဆီ အရည်အသွေးမြင့် ပစ္စည်းတွေ (Diesel Fuel Additives) နဲ့ အလိုအလျောက် သန့်စင်စနစ်ပါတဲ့ မီးဖိုတွေမှာ (Self-cleaning Ovens) သုံးပါတယ်။
၅။ ပရေစီယိုဒီမီယမ်ကို NdFeB သံလိုက်တွေ (NdPr alloy)၊ လေယာဉ်အင်ဂျင်သုံး သတ္တုစပ်တွေ နဲ့ ကြွေထည်ဆေးရောင်ခြယ် ပစ္စည်းတွေ (Ceramic Pigments) အဖြစ် သုံးပါတယ်။
၆။ နီယိုဒီမီယမ်ကိုတော့ လျှပ်စစ်ကားတွေ (EVs)၊ လေအားလျှပ်စစ် တာဘိုင်တွေ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးစနစ်တွေမှာ သုံးတဲ့ နီယိုဒီမီယမ်-သံ-ဘိုရွန် (NdFeB) အမြဲတမ်းသံလိုက်တွေအဖြစ် သုံးကြပါတယ်။
၇။ ပရိုမီသီယမ်ကို နျူကလီးယား ဘက်ထရီတွေ၊ အလင်းတောက် ဆေးရောင်စုံတွေ (Luminous Paint)၊ အထူတိုင်းကိရိယာတွေမှာ သုံးပါတယ်။ ပရိုမီသီယမ်ရဲ့ အိုင်ဆိုတုပ်အားလုံးဟာ တည်ငြိမ်မှုမရှိဘဲ ရေဒီယိုသတ္တိကြွနေကြတာပါ။
၈။ ဆမားရီယမ်ကို ဆမားရီယမ်-ကိုဘော့ (SmCo) သံလိုက်တွေ၊ ကင်ဆာကုထုံး (Sm-153 ရေဒီယိုသတ္တိကြွ ဒြပ်စင်) နဲ့ နျူကလီးယား ဓါတ်ပေါင်းဖို ထိန်းချုပ်ရေး သတ္တုချောင်းတွေအဖြစ် သုံးပါတယ်။
၉။ ယူရိုပီယမ်ကို အနီရောင်/အပြာရောင် အလင်းလွှတ်ပစ္စည်းတွေ (Phosphors)၊ ယူရိုငွေစက္ကူ အတုအပပြုလုပ်မှု တားဆီးမှုစနစ်၊ LED မီးသီးတွေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို ထိန်းချုပ်ရေးသတ္တုချောင်းတွေမှာ သုံးပါတယ်။
၁၀။ ဂါဒိုလီနီယမ်ကိုတော့ MRI ရိုက်တဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေနဲ့ သွေးကြောတွေကို ထင်ထင်ရှားရှား မြင်ရအောင် သွေးကြောထဲ ထိုးပေးရတဲ့ ဆေးရည်တွေ (Contrast Agents)၊ နျူကလီးယားဓါတ်ရောင်ခြည်ကာကွယ်ရေး အလွှာတွေ၊ သံလိုက်ဓာတ်နဲ့ ထိတွေ့ရင် ပုံသဏ္ဌာန်ပြောင်းလဲနိုင်တဲ့ သတ္တုစပ်တွေ (Magnetostrictive Alloys) နဲ့ အစိမ်းရောင် အလင်းလွှတ်ပစ္စည်းတွေ (Phosphors) အဖြစ် သုံးပါတယ်။
၁၁။ တာဘီယမ်ကို NdFeB သံလိုက်တွေရဲ့ သံလိုက်ဓာတ်ထိန်းနိုင်စွမ်း (Coercivity)၊ အစိမ်းရောင် အလင်းလွှတ်ပစ္စည်းတွေ (Phosphors) နဲ့ တာဘီယမ်-သံ- ဒစ်စ်ပရိုးစီယမ် ရေအောက်အသံလှိုင်း (Terfenol-D Sonar) အချက်ပေးကိရိယာတွေမှာ သုံးပါတယ်။
၁၂။ ဒစ်ပရိုစီယမ်ကို အပူချိန်မြင့်မားတဲ့ အခြေအနေတွေမှာ NdFeB သံလိုက်တွေရဲ့ သံလိုက်ဓာတ်ထိန်းနိုင်စွမ်း (Coercivity)၊ အလင်းအားကောင်းတဲ့ ဟေလိုင်း (Halide) မီးသီးတွေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို စတာတွေကို ထိန်းချုပ်တဲ့ သတ္တုချောင်းတွေအဖြစ် သုံးပါတယ်။
၁၃။ ဟိုလ်မီယမ်ကိုတော့ သံလိုက်ဓာတ် အားအကောင်းဆုံးလို့ သိကြတဲ့ သံလိုက်တိုင်တွေ (Magnetic Pole Pieces)၊ ဆေးဘက်ဆိုင်ရာ လေဆာကိရိယာတွေ၊ နျူကလီးယားဓာတ်ပေါင်းဖိုထဲက နျူထရွန်စီးဆင်းမှုကို ထိန်းညှိပေးတဲ့ ကိရိယာတွေ (Neutron Flux Adjusters) အဖြစ် သုံးပါတယ်။
၁၄။ အာဘီယမ်ကို ဖိုင်ဘာ-အော်ပတစ် အချက်ပြလှိုင်းချဲ့စနစ် (EDFA – Erbium-Doped Fiber Amplifier) တွေ၊ လေဆာသုံး ခွဲစိတ်ကုသမှုတွေ (Laser Surgery)၊ ဖန်ထည်သုံး ပန်းရောင်ခြယ်ပစ္စည်းတွေနဲ့ သတ္တုဗေဒ (Metallurgy) ဆိုင်ရာ လုပ်ငန်းတွေမှာ သုံးပါတယ်။
၁၅။ သူလီယမ်ကို သယ်ဆောင်ရလွယ်ကူတဲ့ X-ray စက်တွေ၊ အပူချိန်မြင့် လျှပ်ကူးပစ္စည်း (Superconductors) တွေနဲ့ ခွဲစိတ်ကုသရေး လေဆာစက်တွေ (Surgical Lasers) မှာ သုံးပါတယ်။
၁၆။ ယစ်ထာဘီယမ်ကို ဖိုက်ဘာလေဆာ (Fiber Lasers) တွေ၊ အက်တမ်စွမ်းအင်သုံး နာရီတွေ (Atomic Clocks)၊ ဖိအားတိုင်းကိရိယာတွေ (Stress Gauges) နဲ့ သံမဏိတုကို ပိုခိုင်မာစေတဲ့ ပစ္စည်းတွေအဖြစ် သုံးပါတယ်။
၁၇။ လူတီးရှီယမ်ကို PET Scan ရောဂါရှာဖွေရေး အာရုံခံကိရိယာတွေ၊ အလင်းယိုင်ညွှန်းကိန်းမြင့်မားတဲ့ မှန်ဘီလူးသုံး ဖန်ထည်တွေနဲ့ ဓာတုဗေဒ ဓာတ်ပြုမှုတွေကို မြန်ဆန်စေတဲ့ ဓာတ်ကူပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ သုံးပါတယ်။
မြေရှားသတ္တု ဒြပ်စင်တွေထဲ Thulium (သူလီယမ် – Tm) နဲ့ Lutetium (လုတီဆီယမ် – Lu) တို့က အရှားပါးဆုံးဖြစ်ပါတယ်။ အပေါများဆုံး တွေ့ရနိုင်တဲ့ မြေရှားသတ္တု ဒြပ်စင်တွေကတော့ စီရီယမ်၊ ယစ်ထရီယမ်၊ လန်သနမ် နဲ့ နီယိုဒီမီယမ်တို့ ဖြစ်ပါတယ်။
မြေရှားတွေ ဘာကြောင့်တူးရခက်လဲ။
သတ္တုကြောအဖြစ် စုစည်းတည်ရှိနေတတ်တဲ့ တခြားသတ္တုရိုင်းတွေနဲ့မတူဘဲ မြေရှားသတ္တုတွေကတော့ ကျောက်လွှာအမျိုးမျိုးကြားမှာ ပြန့်နှံ့တည်ရှိနေတတ်ပါတယ်။ မြေရှားသတ္တုတွေဟာ တခြားဒြပ်စင်တွေနဲ့ ရောနှောပြီး ပုန်းကွယ်နေတတ်ကြတာပါ။ ဒါကြောင့်ပဲ မြေရှားသတ္တုတွေကို တခြားသတ္တုတွေလိုမျိုး သတ္တုကြောကြီးတွေအနေနဲ့ မတွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လိုချင်တဲ့ ဒြပ်စင်ပမာဏ နည်းနည်းလေး ရဖို့အတွက်တောင်မှ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ သတ္တုရိုင်း အမြောက်အမြားကို အဆင့်ဆင့် ပြုပြင်ထုတ်ယူကြရတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမြေရှားဒြပ်စင်တွေဟာ ဓာတုဗေဒ သဘောသဘာဝချင်း တော်တော်လေး ဆင်တူကြတာပါ။ သူတို့ကို တစ်ခုချင်းစီ ဖြစ်အောင် ခွဲထုတ်ဖို့နဲ့ သန့်စင်ဖို့ဆိုတာက အတော်လေး ရှုပ်ထွေးပြီး ငွေကုန်ကြေးကျ များပါတယ်။ ဒါကြောင့် ‘ရှားပါးတယ်’ ဆိုတာကို ကမ္ဘာပေါ်မှာ လုံးဝမရှိသလောက် အကြွင်းမဲ့ရှားပါးမှု ဆိုတာထက် စီးပွားရေးအရ တွက်ခြေကိုက်အောင် ထုတ်ယူဖို့ ခက်ခဲတာကို ဆိုလိုတာလို့ပဲ နားလည်ထားရမှာပါ။ ဒီလိုမျိုး ပြန့်နှံ့တည်ရှိနေခြင်းကို ဖြစ်ပေါ်စေတဲ့ ဘူမိဓာတုဗေဒဆိုင်ရာ ဂုဏ်သတ္တိတွေကပဲ မြေရှားသတ္တုတွေရဲ့ ‘ရှားပါးမှု’ နားလည်ဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။
