အီရန်နှင့်ဆက်စပ်သည့် စစ်ရေးပဋိပက္ခများနှင့်ဟော်မုရေလက်ကြားပိတ်ဆို့မှုကြောင့် သွားလာမှုရပ်တန့်လုနီးပါးဖြစ်သည့်အတွက်ကမ္ဘာတစ်ဝန်းရှိရေနံအရန်ပမာဏမှာ ရေနံစည်ပေါင်း ၁ ဘီလီယံခန့် လျော့ကျသွားကြောင်း အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ၏ အမှုဆောင်အရာရှိချုပ် ဆူတန် အယ်ဂျာဘာက နိုဝင်ဘာလ ၂ ရက်တွင်ပြောသည်။
ဟော်မုရေလက်ကြားသည် ပါရှန်းပင်လယ်ကွေ့မှ ရေနံတင်ပို့ရာတွင်အရေးပါသည့် ကုန်သွယ်ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ ယင်းရေလမ်းကြောင်းမှတစ်ဆင့် ကမ္ဘာ့ရေနံကုန်သွယ်မှုအတွက် အရေးပါသော ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ရေနံထုတ်လုပ်သည့်နိုင်ငံများမှ ကမ္ဘာတစ်ဝန်းသို့ ရေနံတင်ပို့မှုနှင့်ဖြန့်ဖြူးရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည့် အတွက် ကမ္ဘာ့နိုင်ငံများက အရန်ရေနံများကိုထုတ်သုံးရခြင်းဖြစ်ကြောင်း အယ်ဂျာဘာက ထောက်ပြထားသည်။
ယခုကဲ့သို့ အရန်ရေနံလက်ကျန် လျော့နည်းလာခြင်းသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်အတွက် စိုးရိမ်စရာဖြစ်လာနိုင်သည်။ အထူးသဖြင့် ရေနံတင်ပို့မှု အဟန့်အတားများ ဆက်လက်ဖြစ်ပေါ်နေပါက ရေနံရရှိနိုင်မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုတို့အပေါ် ဖိအားများ ပိုမိုသက်ရောက်လာနိုင်သည်။
ဟော်မုရေလက်ကြား၏အခြေအနေသည် အီရန်နှင့်ဆက်စပ်သည့် စစ်ရေးပဋိပက္ခများ၏ အကျိုးဆက်အဖြစ် ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်အပေါ် သက်ရောက်နေသည့် အရေးပါသော အချက်တစ်ခုဖြစ်လာကြောင်း လေ့လာသူများကပြောသည်။ Ref: Sputnik
