ရုရှားဒရုန်းမောင်းနှင်သူများကို ပေါက်ကွဲစေနိုင်သည့်ဒရုန်းကြည့်ကိရိယာများဖြင့်တိုက်ခိုက်ရန် ယူကရိန်းကြံစည်ခဲ့ဟု ရုရှား FSB ပြော

ယူကရိန်းထောက်လှမ်းရေးအဖွဲ့များသည် ရုရှားတပ်မတော်မှ ဒရုန်းမောင်းနှင်သူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ပေါက်ကွဲစေနိုင်သည့်FPV ဒရုန်းကြည့်ကိရိယာများကိုစစ်တပ်ထောက်ပံ့ရေးကွန်ရက်အတွင်း ထည့်သွင်းပေးပို့နိုင်စေရေးအတွက်ကြိုးပမ်းခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) က နိုဝင်ဘာလ ၂ ရက်တွင် ပြောသည်။

ရုရှားစစ်သည်တစ်ဦးထံသို့ သံသယဖြစ်ဖွယ်ဒရုန်းကြည့်ကိရိယာများကိုလှူဒါန်းရန် ကမ်းလှမ်းလာပြီးနောက် ၎င်းကစစ်ဘက်တန်ပြန်ထောက်လှမ်းရေးထံ အကြောင်းကြားခဲ့ရာမှ အဆိုပါကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုFSB ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ဆေးရေးအဖွဲ့က ဒရုန်းကြည့်ကိရိယာများအတွင်း ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းထားကြောင်း အတည်ပြုပြီး ကွင်းဆက်များကိုလည်း စုံစမ်းဖော်ထုတ်လိုက်နိုင်ကြောင်း FSB က ဆိုသည်။

ဒရုန်းကြည့်ကိရိယာ၌ အအေးပေးပန်ကာတပ်ရမည့်နေရာတွင်ဖောက်ခွဲရေးပစ္စည်းများအစားထိုးထည့်သွင်းထားခြင်းဖြစ်သည်ဟုလည်း FSB က ပြောသည်။ ယင်းလုပ်ရပ်သည် ၂၀၂၄ ခုနှစ်အတွင်း လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာအဖွဲ့ဝင်များအသုံးပြုနေသည့် ပေဂျာဆက်သွယ်ရေးကိရိယာများကို ပေါက်ကွဲစေခဲ့သည့် ဖြစ်ရပ်နှင့်ဆင်တူကြောင်း ရုရှားဘက်က နှိုင်းယှဉ်ဖော်ပြထားသည်။ ယခင်ကလည်း ဖောက်ခွဲရေးပစ္စည်းထည့်ထားသည့် အပူပေးဖိနပ်အတွင်းခံ ၅၀၀ ကျော်ကြားဖြတ်သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။   Ref: RT

Leave a Reply

Your email address will not be published. Required fields are marked *