ဥရောပလို့ပြောလိုက်ရင် လူအများစုကလူနေမှုအဆင့်အတန်းမြင့်မားတဲ့ နိုင်ငံတွေ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ၊ လူမှုဖူလုံရေးစနစ် ကောင်းမွန်တဲ့နေရာတွေကိုအရင်ဆုံးမြင်ယောင်ကြမှာပါ။ ဒါပေမဲ့ အခုအချိန်မှာ ဥရောပနိုင်ငံတချို့ရှိ လူငယ်တွေအတွက်တော့ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့နေနေသာသာ အိမ်ငှားပြီးလွတ်လပ်စွာနေထိုင်ဖို့တောင် ခက်ခဲလာနေပါတယ်။
ဥရောပသမဂ္ဂရဲ့ အိမ်ဈေးနှုန်းတွေဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ ပျမ်းမျှလစဉ်အိမ်ငှားခက ၁၁၇၆ ယူရိုဝန်းကျင်ရှိပြီး လူငယ်တစ်ဦးရဲ့ ပျမ်းမျှလစဉ်လစာနဲ့ နှိုင်းယှဉ်ရင် ၉၈ ဒသမ ၇ ရာခိုင်နှုန်းအထိရှိပါတယ်။ အရင်ကအလုပ်တစ်ခုရပြီး ပုံမှန်လစာရလာရင် ကိုယ့်ဘဝကို ကိုယ်တိုင်ရပ်တည်နိုင်ဖို့မျှော်လင့်ချက်ရှိခဲ့ပါတယ်။ အခုတော့ အလုပ်ရှိနေပေမယ့် အိမ်ငှားခပေးဖို့ လောက်ငမှုမရှိတာ၊ အိမ်ငှားခပေးပြီးရင် နေ့စဉ်အသုံးစရိတ်အတွက် ငွေမကျန်တော့တာတွေကြုံလာရပါတယ်။ ဒီအခြေအနေက လူငယ်တွေကို မိဘအိမ်မှာပဲဆက်နေဖို့၊ အခန်းဖော်တွေနဲ့ အတူနေဖို့ ဒါမှမဟုတ် ကိုယ်တိုင်လိုချင်တဲ့ဘဝပုံစံကို စွန့်လွှတ်ဖို့ တွန်းအားပေးနေပါတယ်။
အိမ်ဈေးနှုန်းတွေ မြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အိမ်လိုအပ်ချက်နဲ့ရနိုင်တဲ့အိမ်အရေအတွက် မမျှတမှုလည်းပါဝင်ပါတယ်။ အလုပ်အကိုင်၊ ပညာရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကမြို့ကြီးတွေမှာ စုစည်းလာတဲ့အတွက် လူတွေဟာ မြို့ပြဒေသတွေမှာနေထိုင်ဖို့ ပိုမိုလိုအပ်လာပါတယ်။ ဒါပေမဲ့ အိမ်အသစ်တွေဆောက်လုပ်ပေးနိုင်တဲ့နှုန်းက အဲဒီလိုအပ်ချက်ကို အမီမလိုက်နိုင်တဲ့အခါ အိမ်ရာဈေးနှုန်းတွေ မြင့်တက်လာပါတယ်။ ဂျာမနီမှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်အသစ်ဆောက်လုပ်ပြီးစီးမှုဟာ ၂၀၆၆၀၀ ခန့်သာရှိပြီး ၂၀၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၁၈ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။နိုင်ငံအတွင်း အိမ်ရာလိုအပ်ချက်နဲ့ ရရှိနိုင်တဲ့အိမ်အရေအတွက်ကြားမှာ အိမ် ၁ ဒသမ ၄ သန်းခန့်ကွာဟနေတယ်လို့ခန့်မှန်းထားပါတယ်။ စပိန်နိုင်ငံမှာလည်း၂၀၂၁ ခုနှစ်ကစပြီး အိမ်ရာလိုအပ်ချက်နဲ့ ရရှိနိုင်မှုကြားကွာဟချက်ဟာ အိမ်အလုံးရေ ၇၅၅၀၀၀ ခန့်ရှိလာခဲ့ပြီး ၂၀၂၆ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အတွင်း နောက်ထပ်အိမ်ရာလိုအပ်ချက် ၃၀၀၀၀၀ ခန့် ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လူတွေနေထိုင်ဖို့ အိမ်တွေလုံလောက်စွာမရှိဘူးဆိုရင် အိမ်တစ်လုံးအတွက် ယှဉ်ပြိုင်ရသူတွေ များနေဦးမှာဖြစ်ပြီး ဈေးနှုန်းကျဆင်းဖို့လည်း ခက်ခဲနိုင်ပါတယ်။
အိမ်ရာပြဿနာဟာအိမ်ဈေးကြီးလာတဲ့ကိစ္စတစ်ခုတည်းမဟုတ်တော့ဘဲ လူငယ်တွေရဲ့အနာဂတ်၊ မိသားစုတည်ထောင်နိုင်မှုနဲ့လူမှုတည်ငြိမ်ရေးကိုပါ ထိခိုက်လာတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
၁။ လူငယ်တွေအနေနဲ့ အလုပ်အကိုင်ကောင်းတစ်ခုရဖို့ မြို့ကြီးကို ပြောင်းရွှေ့နေချင်ပေမယ့် အိမ်ငှားခမတတ်နိုင်တာကြောင့် အခွင့်အလမ်းကိုလက်လွှတ်ရနိုင်ပါတယ်။ ကိုယ်ပိုင်မိသားစုဘဝတစ်ခုတည်ထောင်ဖို့ စီစဉ်ထားပေမယ့်နေထိုင်ဖို့ အိမ်ရာအဆင်မပြေတာကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းရနိုင်ပါတယ်။ အနာဂတ်အတွက် ငွေစုချင်ပေမယ့် လက်ရှိအသုံးစရိတ်တွေကို ဖြည့်ဆည်းဖို့တောင် ခက်ခဲနေတဲ့အခါ ငွေစုဖို့ဆိုတာ ပိုဝေးကွာသွားပါတယ်။
၂။ ဒါ့အပြင် အိမ်ရာပြဿနာဆိုတာအိမ်ဝယ်ဖို့ ငွေမလုံလောက်တဲ့ လူငယ်တွေဟာ လုံခြုံပြီး သင့်တော်တဲ့နေရာမှာ နေထိုင်ခွင့်ရဖို့ပါခက်ခဲလာပါတယ်။ အိမ်ရာပြဿနာက ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ်ကိုလည်း သက်ရောက်ပါတယ်။
၃။ တက္ကသိုလ်တက်ဖို့အတွက် မြို့တစ်မြို့ကိုပြောင်းရွှေ့ရမယ်ဆိုရင် နေထိုင်စရိတ်ကိုပါထည့်တွက်ရပါတယ်။ အိမ်ငှားခကြီးတဲ့မြို့မှာနေဖို့ မတတ်နိုင်တဲ့ လူငယ်တွေဟာ လိုချင်တဲ့ပညာရေးနဲ့ အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်ရာမှာ အခက်အခဲကြုံနိုင်ပါတယ်။
၄။ အိမ်ရာပြဿနာဟာ အိမ်ရှာရခက်တာ၊ အိမ်ငှားခကြီးတာဆိုတဲ့ နေ့စဉ်ဘဝအခက်အခဲတွေနဲ့ပဲ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲလာတဲ့အခါ လူတွေရဲ့ စီးပွားရေးအခြေအနေ၊ လူမှုဆက်ဆံရေးနဲ့ အစိုးရအပေါ် ယုံကြည်မှုတို့အထိ သက်ရောက်မှုရှိလာနိုင်ပါတယ်။
ဒီတော့ အစိုးရအနေနဲ့ –
၁။ အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းအတွက် ခွင့်ပြုချက်ရဖို့ အချိန်မကြာမြင့်သင့်ပါဘူး။ အချိန်ကြာမြင့်ရင် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာ၊ လုပ်သားခတွေ တိုးလာတာ၊ ချေးငွေအတိုးနှုန်းတွေ မြင့်မားနေတာတွေကြောင့်စီမံကိန်းကုန်ကျစရိတ်ပိုမိုမြင့်တက်လာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကုန်ကျစရိတ်မြင့်မားမှုကို ထည့်သွင်းတွက်ချက်ပြီး အိမ်ဈေးနှုန်းကို သတ်မှတ်ကြသောကြောင့် လူငယ်တွေ လက်လှမ်းမီဖို့ ခက်နိုင်ပါတယ်။
၂။ ဈေးကစားမှုတွေကို ထိန်းချုပ််ပါ။ အိမ်ရာလိုအပ်ချက် မြင့်မားနေတဲ့အတွက် အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ယူထားသူတွေ ရှိလာနိုင်ပါတယ်။ အိမ်ရာဟာ နေထိုင်ဖို့လိုအပ်တဲ့အခြေခံပစ္စည်းဖြစ်သလို ရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ရနိုင်တဲ့ပိုင်ဆိုင်မှုတစ်ခုလည်းဖြစ်နေတဲ့အခါ အိမ်ရာဈေးကွက်မှာ အကျိုးစီးပွားအမျိုးမျိုး ပေါင်းစည်းနေပါတယ်။ ဒါကြောင့် အိမ်ရာပြဿနာကို ဖြေရှင်းရာမှာ အိမ်ရာအသစ်ဆောက်လုပ်မှုကို မြှင့်တင်ပေးရုံသာမက အိမ်ရာဈေးကွက်ရဲ့ လုပ်ဆောင်ပုံကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
၃။ အိမ်အသစ်တွေ ပိုမိုဆောက်လုပ်ပေးရပါမယ်။ တိုးပွားလာတဲ့ လူဦးရေ နဲ့ လိုက်လျောညီထွေရှိတဲ့ အိမ်ရာသစ်တွေ အမြဲဆောက်လုပ်ပေးဖို့လိုပါတယ်။
၄။ ဝင်ငွေနည်းသူတွေ အမှန်တကယ်လက်လှမ်းမီနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ အိမ်အရေအတွက် တိုးလာရုံနဲ့ ပြည်သူအားလုံး တတ်နိုင်တဲ့ဈေးနှုန်းဖြစ်လာမယ်လို့ မဆိုနိုင်ပါဘူး။ အိမ်ရာမူဝါဒတွေဟာ အိမ်အရေအတွက်တိုးလာစေရေးနဲ့အတူ ဝင်ငွေနည်းသူတွေ အမှန်တကယ်လက်လှမ်းမီနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ပထမအချက်အနေနဲ့ အစိုးရတွေဟာ လူအများစုတတ်နိုင်တဲ့ဈေးနှုန်းနဲ့ ငှားရမ်းနိုင်တဲ့ လူမှုအိမ်ရာတွေကို ပိုမိုဖန်တီးပေးဖို့ လိုအပ်ပါတယ်။ အိမ်ရာဈေးကွက်ကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပေါ်သာမှီခိုထားရင် ဝင်ငွေနည်းသူတွေအတွက် သင့်တော်တဲ့အိမ်ရာ ရရှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်အစိုးရနဲ့ဒေသဆိုင်ရာအာဏာပိုင်တွေက အိမ်ရာစီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
၅။ အသုံးမပြုဘဲ အလွတ်ထားတဲ့အိမ်တွေကို ပြန်လည်အသုံးချခြင်း။ နိုင်ငံတချို့မှာနေအိမ်အလွတ်တွေရှိပေမယ့်အဲဒီအိမ်တွေဟာ ပြုပြင်မွမ်းမံဖို့လိုအပ်နေတာမျိုးရှိနိုင်ပါတယ်။ အိမ်အသစ်တွေ တည်ဆောက်ဖို့ အချိန်ကြာမြင့်နေချိန် ရှိပြီးသားအိမ်တွေကိုပြုပြင်ပြီး နေထိုင်နိုင်အောင် လုပ်ဆောင်ပေးခြင်းက အိမ်ရာရရှိမှုကို မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်ပါတယ်။
၆။ အစိုးရ အထောက်အပံ့နှင့် အကူအညီ။ ပထမဆုံးအိမ်ဝယ်မယ့် မိသားစုတွေ၊ လူငယ်တွေ အတွက် ထောက်ပံ့ခြင်း၊ အိမ်ရာများတွင် quota ထည့်သွင်းထားခြင်း၊ အိမ်ရာပိုင်ဆိုင်ဖို့ အခက်အခဲကြုံနေရသူတွေကို ရည်မှန်းချက်ထားပြီးကူညီခြင်း၊ အရေးပေါ်အိမ်ငှားခအကူအညီ၊ အိမ်ဆုံးရှုံးမယ့်အန္တရာယ်ရှိသူတွေကို ကြိုတင်ထောက်ပံ့ပေးမှုနဲ့အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေကို အမြန်ဆုံးနေရာချထားပေးမှုတို့လိုအပ်ပါတယ်။
၇။ လူနေထိုင်ဆဲ အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းပေးခြင်း။ လူတစ်ဦးအိမ်ရာဆုံးရှုံးသွားပြီးနောက် ပြန်လည်ရပ်တည်ဖို့ထက် အိမ်ရာဆုံးရှုံးမသွားအောင် ကြိုတင်ကာကွယ်ပေးတာက ပိုမိုထိရောက်နိုင်ပါတယ်။
၈။ အိမ်ရာတွေကို အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းရှိတဲ့နေရာတွေနဲ့ ချိတ်ဆက်စီမံဖို့ဖြစ်ပါတယ်။ မြို့ပြဗဟိုချက်တွေမှာသာ အလုပ်အကိုင်နဲ့ဝန်ဆောင်မှုတွေ စုစည်းနေပြီး အဲဒီနေရာတွေမှာ အိမ်ငှားခကြီးမားနေမယ်ဆိုရင် လူတွေဟာ အလုပ်နဲ့ဝေးတဲ့နေရာတွေမှာ နေထိုင်ဖို့ ရွေးချယ်လာရနိုင်ပါတယ်။ အဲဒီအခါ သွားလာရေးစရိတ်နဲ့ အချိန်ကုန်ကျမှုတွေ ထပ်မံမြင့်တက်လာပါတယ်။ အိမ်ရာစီမံကိန်းတွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ အလုပ်အကိုင်နဲ့ အခြေခံဝန်ဆောင်မှုတွေကို ချိတ်ဆက်ဖော်ဆောင်နိုင်မှသာ လူနေမှုကုန်ကျစရိတ်ကို အမှန်တကယ်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
၉။ နေထိုင်မှုကုန်ကျစရိတ်အတွက် သင့်တင်သောဝင်ငွေ ရရှိရေး။ အရေးကြီးတဲ့မေးခွန်းက အိမ်ဈေးတွေဘယ်လောက်မြင့်တက်လာနေသလဲဆိုတာထက် လူတစ်ဦးကအလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေနဲ့ လုံခြုံသင့်တော်တဲ့နေရာတစ်ခုမှာ နေထိုင်နိုင်သလားဆိုတာ ဖြစ်ပါတယ်။ အခြေခံအနေနဲ့ လစာရဲ့ ၃၀ ရာခိုင်နှုန်း ကသာ အိမ်ငှားစရိတ်၊ နေထိုင်မှုအတွက် ကုန်ကျသင့်ပါတယ်။
လူငယ်တွေဟာ ကိုယ်ပိုင်ဘဝကိုတည်ဆောက်နိုင်ဖို့၊ မိသားစုဘဝကိုတည်ထောင်နိုင်ဖို့နဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ထားနိုင်ဖို့ အိမ်ရာဟာ မရှိမဖြစ်လိုအပ်ပါတယ်။ နေအိမ်တစ်လုံးဆိုတာ အမိုးအကာတစ်ခုသာမဟုတ်ပါဘူး။ လူတစ်ဦးရဲ့ လွတ်လပ်မှု၊ မိသားစုဘဝနဲ့ လူမှုတည်ငြိမ်ရေးတို့ရဲ့ အခြေခံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပရဲ့ အိမ်ရာအကျပ်အတည်းကို ဖြေရှင်းနိုင်မလားဆိုတာဟာ အိမ်ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်မလားဆိုတဲ့ မေးခွန်းတစ်ခုတည်း မဟုတ်ဘဲ သာမန်ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေကို ကိုယ့်အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နိုင်မယ့် အခွင့်အလမ်းပေးနိုင်မလားဆိုတဲ့ မေးခွန်းလည်းဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါတယ်။
