ခေတ်သစ် ဘောလုံးကစားနည်း သည် ၁၉ ရာစုတွင် အင်္ဂလန်နိုင်ငံ၌ စတင်ပေါ်ပေါက်ခဲ့သော်လည်း၊ ဘောလုံးကန်သည့် ရှေးဟောင်းကစားနည်းများမှာမူ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံ၊ ဂရိ၊ ရောမ၊ မေဆိုအာမေရိက စသည့် ရှေးဟောင်းယဉ်ကျေးမှုများတွင် ရှိခဲ့သည်။
၁။ ရှေးခေတ်ဘောလုံးကစားနည်းများ (Ancient Football)
- တရုတ်နိုင်ငံ (ချုကျွီး – Cuju): ရှေးခေတ်တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်ကတည်းက ဘောလုံးကို ခြေဖြင့်ကန်၍ ဂိုးပေါက်အတွင်းသို့ သွင်းရသည့် ချုကျွီး 蹴鞠 ကစားနည်း ရှိခဲ့ပြီး ၎င်းကို ကမ္ဘာ့ရှေးအကျဆုံး ဘောလုံးကစားနည်းအဖြစ် (FIFA) က အသိအမှတ်ပြုထားသည်။
- ဂရိနှင့် ရောမနိုင်ငံများ: ရှေးဂရိနှင့် ရောမတို့တွင်လည်း ဘောလုံးနှင့်တူသော ကစားနည်းများ (ဥပမာ- Episkyros) ကို ကစားခဲ့ကြသည်။
- မေဆိုအာမေရိက: လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ကျော်ကတည်းက ရော်ဘာဖြင့်ပြုလုပ်ထားသော ဘောလုံးကို အသုံးပြုသည့် Pok ta Pok ကစားနည်းမျိုး ရှိခဲ့သည်။
တရုတ်နိုင်ငံ (ချုကျွီး – Cuju) ကစားနည်း
နှစ်ပေါင်း ၂၅၀၀ ကျော်တည်းကပင် တရုတ်မင်းဆက်ခေတ် ရှေးပြည်ထောင်များတွင် စစ်ရေးလေ့ကျင့်ခန်းအဖြစ် ထည့်သွင်းလေ့ကျင့်စေခဲ့သည်။ ဘောလုံးကန်ရာတွင် ထိုးစစ်၊ ခံစစ်၊ တိုက်စစ်၊ ဗျူဟာကွက်နှင့် မိမိတို့၏ ရည်မှန်းချက် Goals ပေါက်ကို ရအောင် ကန်သွင်းရသည်မှာ စစ်တစ်ပွဲတွင် စစ်တိုက်နေခြင်း တူနေသောကြောင့် ရှေးအခါ တရုတ်ပြည်တွင် အလွန်ရေပန်းစားသော အားကစားနည်းတစ်ခု ဖြစ်ခဲ့သည်။ ရှေးယခင်က တရုတ်ရိုးရာဘောလုံးကစားခြင်းကို ချုကျွီး 蹴鞠 ဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ ဘောလုံးကန်ခြင်း ဖြစ်သည်။ အစောပိုင်း တရုတ်ရိုးရာဘောလုံးသည် ယနေ့ခေတ်ကဲ့သို့ လုံးဝိုင်းသောပုံသဏ္ဍာန် မဟုတ်ပဲ ၈ မြောင့် ဗဟုဂံပုံဏ္ဍာန်ရှိပြီး အထဲတွင် ငှက်မွှေး (သို့မဟုတ်) တိရိစ္ဆာန် အမွှေးအမျှင်များကို ထည့်သွင်းကာ ပြုလုပ်ထားသည်။ ဟန်ခေတ်သမိုင်းပညာရှင် စီးမာချမ် (၁၄၅ ဘီစီ – ၈၇ ဘီစီ) ၏ သမိုင်းမှတ်တမ်းများနှင့် စစ်ပြိုင်ခေတ် မှတ်တမ်းများတွင် ဘောလုံးကစားခြင်းအကြောင်းကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ဟန့်ခေတ်ကို တည်ထောင်ခဲ့သူ လျိူပန်းသည် ဘောလုံးအားကစားကို အလွန်နှစ်သက်သူဖြစ်ပြီး သူ၏ နန်းတော်ထဲတွင် ဘောလုံးကွင်းကိုပါ တည်ဆောက်ခဲ့သည်အထိ ဝါသနာကြီးခဲ့သည်။ ထိုဘောလုံးကွင်းသည် ယနေ့ခေတ် ဘောလုံးကွင်းများကဲ့သို့ တည်ဆောက်ထားပြီး ဘေးပတ်လည်တွင် အုတ်တံတိုင်းများဖြင့် ကာရံထားပြီး ထောင့် ၄ ထောင့်တွင် ဝင်ပေါက်များ ဖန်တီးထားသည်ဟု သိရသည်။ ထို့အပြင် ဘောလုံးကစားပုံနှင့် နည်းစနစ်၊ စည်းကမ်းများကိုပါ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ဟန့်ခေတ် ဘောလုံးကစားပုံမှာ တစ်ဖက်လျှင် လူ ၁၂ ဦးနှင့် ကစားရပြီး အသင်းကို ဦးဆောင်သည့် အသင်းခေါင်းဆောင်တစ်ဦး ပါဝင်သည်။ အရှေ့အနောက် တစ်ဖက်စီတွင် ဂိုးပေါက် ၃ ပေါက် (စုစုပေါင်း ဂိုးပေါက်ငယ် ၆ ပေါက်) ပါရှိပြီး ယနေ့ခေတ် ဖူဆယ်ဘောလုံးဂိုးပေါက်ငယ်နှင့် ဆင်တူသည်။ နောက်ခံလူ ၃ ယောက်သည် ဂိုးသမားအဖြစ် လည်ကောင်း၊ ခံစစ်သမားအဖြစ် လည်ကောင်း ကစားရသည်။ သို့သော်လည်း ဘောလုံးကို လက်ဖြင့် ဖမ်းယူခွင့် မရှိပေ။ ကွင်းအတွင်းရှိ ဘောလုံးကစားသမားများသည် ဘောလုံးကို ခြေထောက်၊ ရင်ဘက်၊ ကျော၊ ပခုံး ဖြင့် ထိန်းကြောင်းခွင့် ရှိသော်လည်း လက်ဖြင့် ထိခွင့် မရှိပေ။ လက်ဖြင့်ထိပါက ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ခြင်း ခံရသည်။ မှတ်တမ်းများတွင် ဘောလုံးကစားရင်း ထိခိုက်ဒဏ်ရာရကာ သေဆုံးမှုများ ရှိခဲ့ကြောင်းလဲ သိရသည်။ ဘောလုံးပွဲတိုင်းတွင် ဆေးသမားတော် တစ်ဦး အနည်းဆုံး ကွင်းထဲတွင် အဆင်သင့် စောင့်ဆိုင်းနေကြသည်။ ဒဏ်ရာရပါက သမားတော်က ဒဏ်ရာရ ကစားသမားအနေဖြင့် ပွဲတွင် ဆက်လက်ပါဝင် ကစားနိုင်ခြင်း ရှိ မရှိကို ဆုံးဖြတ်ပေးရသလို လိုအပ်ပါက ချက်ချင်း ဆေးကုသပေးရသည်။ ဤသို့ဖြင့် ဟန့်ခေတ်၊ ကျင့်ခေတ်၊ နန်ပေမင်းဆက်များခေတ်၊ ဆွေ့ခေတ်မှသည် ထန်ခေတ်အထိ ရိုးရာမပျက် ကစားလာခဲ့ကြသည်။ ထန်ခေတ်တွင် ဘောလုံးပြိုင်ပွဲများ ကျင်းပပေးခဲ့သည်အထိ တိုးတက်လာခဲ့ပြီး လူဦးရေ ၁၀၀၀၀ ဆန့် ကွင်းများကိုပါ တည်ဆောက်ထားခဲ့သည်။ ထိုကွင်းထဲတွင် အသင်းပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထန်ခေတ်တွင်တော့ နည်းပညာများ တိုးတက်လာသည့် အထိုက်အလျှောက် ၈ ထောင့်ပုံစံ ဗဟုဂံ ဘောလုံးပုံစံမှ သားရေဖြင့် ချူပ်လုပ်ထားသော လုံးဝန်းသည့် ဘောလုံးပုံသဏ္ဍာန် ဖြစ်လာခဲ့သည်။ ကစားပုံမှာလည်း ပြောင်းလဲလာခဲ့ပြီး ယခင် ဂိုးတိုင် ၃ တိုုင်စီ ပေါင်း ၆ တိုင်အစား တစ်ဖက် ဂိုးပေါက် ၂ ပေါက် သို့မဟုတ် ယနေ့ခေတ်ကဲ့သို့ ဂိုးပေါက် ၁ ပေါက် ပုံစံဖြစ်လာခဲ့သည်။ အလယ်တွင် ဝါးတိုင်ဖြင့် (ဝါးတစ်တိုင်စာအမြင့်) ထောင်ထားသော ၁ မီတာကျယ်သည့် ပိုက်ကွန်ထဲ ဝင်အောင် ကန်သွင်းနိုင်ပါက အမှတ်ပိုရသည်။ ဂိုးပေါက် ၁ ဖက် တစ်ပေါက်ဖြင့် ကစားခြင်းသည် လူအနည်းငယ်ဖြင့် ကစားနိုင်သဖြင့် မိန်းကလေးများပါ ဝင်ရောက်ကစားလေ့ ရှိသည်။ (ဖူဆယ်ဘောလုံးပုံစံ) အထူးသဖြင့် ထန်ခေတ်တွင် မိဖုရား၊ မင်းသမီးများသည် အပျိူတော်လေးများ၊ အစေခံများနှင့် အတူ ဘောလုံးကစားလေ့ရှိပြီး အမျိူးသမီးသီးသန့် ဝင်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲများလည်း ရှိခဲ့သည်။ နန်းတွင်းပြိုင်ပွဲများတွင် ပထမရရှိသော အမျိူးသမီးအသင်းကို ဆုလာဒ်များ ပေးလေ့ရှိသည်။ သာမန် သူဋ္ဌေးသူကြွယ်အိမ်များတွင် ၂ ယောက်မှ အများဆုံး ၁၀ ယောက်နီးပါး ဝင်ရောက်ကစားနိုင်သော ဘောလုံးကွင်းကို ဥယျာဉ်ပန်းခြံများနှင့် တွဲဖက်တည်ဆောက်ထားလေ့ ရှိသည်။

တစုန့်ခေတ်ကို ရောက်ရှိလာချိန်မှာတော့ အချင်း ၈ လက်မမှ ၁၂ လက်မရှိသည့် လေမှုတ်သွင်းနိုင်သော ဘောလုံးများကို စတင်အသုံးပြုလာခဲ့သည်။ ဘောလုံးကစားနည်းစနစ်မှာလည်း အနည်းငယ်ပြောင်းလဲလာပြီး တဖက် ၈ ယောက်စီနှင့် ၁၆ ယောက်ပါဝင်ကစားရသည်။ ထူးခြားချက်မှာ အသင်းခေါင်းဆောင်ကသာ ဂိုးသွင်းယူခွင့်ရှိပြီး အသင်းသားများက အသင်းခေါင်းဆောင်ထံ ဘောလုံးရောက်ရှိအောင် ဖန်တီးပေးရသည်။ ထိုပုံစံမှာ အမေရိကန်ရပ်ဘီ ဘောလုံးကစားနည်းမျိူးနှင့် ဆင်တူသည်။
မင်ခေတ်အစပိုင်း တုကျင်း၏ မှင်ဆေးရေးပန်းချီတွင် ကလေးငယ်များသာမက အမျိုးသမီးများပါ ပန်းခြံထဲတွင် ဘောလုံးဆော့ကစားနေဟန်ကို ရေးဆွဲထားခဲ့သည်။ မင်ခေတ် တော်ဝင်ပန်းချီဆရာများသည် လက်ရာထဲတွင် မင်ဧကရာဇ် ရွှမ်ကျုံးက သူ၏ နန်းစောင့်စစ်သည်နှင့် အစေခံများ ဘောလုံးကစားနေကြသည်ကို ကြည့်နေဟန်ဖြင့် ရေးဆွဲထားခဲ့သေးသည်။ ဤသို့ သမိုင်းအထောက်အထားများကြောင့် တရုတ်နိုင်ငံသည် ရှေးအခါက ဘောလုံးကစားခြင်းတွင် အဆင့်အတန်းတစ်ခုအထိ ရှိခဲ့ကြောင်း လက်ခံခဲ့ကြသည်။

ဒါဆို တရုတ်ရိုးရာဘောလုံးကစားခြင်းဟာ ဘာကြောင့် ကွယ်ပျောက်သွားခဲ့ရတာလဲ ဟုမေးစရာ ရှိနိုင်သည်။
အကြောင်းမှာ ၁၇ ရာစုနှောင်းပိုင်းတွင် မင်မင်းဆက် ပျက်သုန်းပြီး တရုတ်ပြည်မသို့ မန်ချူးတို့ ဝင်ရောက်လာသည့်အခါ တရုတ်ရိုးရာယဉ်ကျေးမှုများကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ရှေးခေတ်ကျမ်းစာများ၊ ဗျူဟာကျမ်းများကို မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်း၊ တာအိုဘာသာကို ပိတ်ပင်ခြင်း၊ တရုတ်ရိုးရာ သိုင်းပညာနှင့် အားကစားနည်းများကို တားမြစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် စစ်ရေးလေ့ကျင့်မှုအဖြစ် ခေတ်အဆက်ဆက် သတ်မှတ်ထားခဲ့သော တရုတ်ရိုးရာဘောလုံး ကစားခြင်းမှာ ထိပ်ဆုံးစာရင်း၌ ပါဝင်ခဲ့ပေသည်။ ထို့ကြောင့် နှစ်ပေါင်း ၃၀၀ နီးပါးခန့် ဘောလုံးကစားခြင်းကို တရုတ်ပြည်မတွင် ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ယနေ့ခေတ်တွင်တော့ တရုတ်ပြည်မ၌ ဘောလုံးအားကစားနည်းကို ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး ဘောလုံးစွမ်းရည် တိုးတက်လာစေရန် စတင်ကြိုးပမ်းလျက် ရှိပေသည်။
