ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးဆောင် သည့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။
နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ(NSCN-K) (AM)အဖွဲ့အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု အတွက် ပူးပေါင်းပါဝင်ဆွေးနွေးလိုသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K) (AM)အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) ဥက္ကဋ္ဌ ဦးအန်းမိုင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ် ကြသည့် ဦးချင်းမောင်၊ ဦးမန်ခပ်၊ ဦး Y ခွန်းမောင်၊ ဦး K ပါပီနှင့် ဦးလန်းညိုင်တို့ပါဝင်သည့် ကိုယ်စားလှယ်များတက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယခင်က NSCN –K အဖွဲ့ သည် Bilateral လက်မှတ် ထိုးခဲ့သော အဖွဲ့ဖြစ်ကြောင်း၊ ယခင်လာရောက် ဆွေးနွေးစဉ် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ နာဂအမျိုးသားများသည် မိမိတို့၏ တိုင်းရင်းသားလူမျိုးများဖြစ်သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရမှဆောင် ရွက်ပေးရန်လိုအပ်သည်များကို တင်ပြပေးစေလိုကြောင်း၊ NSCN –K (AM)အဖွဲ့သည် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးလိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)(AM) ဥက္ကဋ္ဌ ဦးအန်းမိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားခဲ့သည့်အတွက်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုလိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုရရှိသည့်အတွက် သမိုင်းတွင်အရေးပါသော မှတ်တိုင် တစ်ခုဖြစ်ကြောင်း၊ ဆွေးနွေးပွဲများမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ နောက်ကျကျန်ခဲ့မှုမရှိစေရေးပူးပေါင်းဆောင် ရွက်သွားရန် ဆန္ဒရှိကြောင်းနှင့်ပြည်သူလူထု၏ လူမှုစီးပွားဘဝများကိုတိုးတက်စေမည့် ရလဒ်များရရှိအောင်ဖော်ဆောင်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ဆွေးနွေးရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြားမြို့နယ်များ ထပ်မံထည့်သွင်း ဆောင်ရွက်လိုခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှတ်တော်တွင်တင်ပြဆောင်ရွက်နိုင်မှု၊ နိုင်ငံရေးလိုလား ချက်များကို တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို နိုင်ငံတော်မှချမှတ် ထားသောမူဝါဒ(၄)ရပ်နှင့်အညီ ဆောင် ရွက်သွားရေး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာ၊ ကျေးရွာအုပ်စုများအား မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းရေးနှင့်ပတ်သက်၍ သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့၊ ဦးစီးဌာနများ၏ သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်မှု၊ ဒေသတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့်ပတ်သက်ပြီး လမ်းအပိုင်းလိုက် ဦးစားပေးလိုအပ်ချက်သတ်မှတ်ပြီး တင်ပြသွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသော ဒေသခံကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်နှင့်ပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေးသွားမည့်ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နယ်မြေဒေသအတွင်းရှိ တပ်မတော်၊ အစိုးရဌာနများနှင့်လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းလက်တွဲဆောင်ရွက်ရေးနှင့် အောက်ခြေရှိ လက်နက်ကိုင်တပ်ဖွဲ့ ဝင်များမှ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သော ဆောင်ရွက်နေထိုင်မှုများ မပြုလုပ်ရန် စနစ်တကျကြပ်မတ် ပေးရေးတို့အားဆွေးနွေးသည်။ ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုးအတည်ပြုကြသည်။
ယင်းနောက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) ဥက္ကဋ္ဌ ဦးအန်းမိုင်က ကျေးဇူး တင်စကားပြောကြားပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
