ဗီတာမင်တွေက ဘာတွေကောင်း..ဘယ်လိုဖြည့် 

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေက ဘယ်လိုအလုပ်လုပ်ပြီး ဘယ်လို အကျိုးပြုကြလဲ..?  ဘယ်လိုအစားအသောက်တွေစားပြီး ဖြည့်ဆည်းပေးလို့ရလဲ..? ဗီတာမင်ဆိုတာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်နေစေဖို့ မဖြစ်မနေ လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်အတွက် တာဝန်ပေါင်းများစွာ ထမ်းဆောင် ကြပြီး အနာဒဏ်ရာတွေကို သက်သာစေဖို့နဲ့ ခုခံအားကောင်းမွန်စေဖို့ စတာတွေကို ကူညီပေးပါတယ်..။

ဗီတာမင်တွေက ဘာတွေလဲ..? ဗီတာမင် A, B, C, D, E နဲ့ ဗီတာမင် K ၊ choline တို့ဖြစ်ကြပါတယ်။ 

ဗီတာမင်တွေထဲမှာ

၁။ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်

၂။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်နဲ့ ဆိုပြီး နှစ်မျိုးရှိပါတယ်။

၁။ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် (Fat soluble vitamin)

ဗီတာမင် A၊ D၊ E နဲ့ ဗီတာမင် K တွေပါ..။ သူတို့ကကျတော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစား အသောက်များရဲ့ အဆီတွေနဲ့အတူ ခန္ဓာကိုယ်ကနေစုပ်ယူပြီး အဆီတစ်ရှူးများနဲ့ အသည်းမှာ သိုလှောင်ထား ပါတယ်။ အခုဗီတာမင်တွေကိုလည်း အပင်တော်တော်များများ၊ အသားများနဲ့ အာဟာရဖြည့်စွက်စာတွေကနေ ရနိုင်ပါတယ်။ 

ဗီတာမင် A

ဗီတာမင် A က အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ပါ..။ အစားအသောက်တော်တော်များများကနေ ရနိုင်ပါတယ်။ အမြင်အာရုံ၊ ခန္ဓာကိုယ်ခုခံအား၊ ဆဲလ်ကွဲပွားမှုနဲ့ မျိုးပွားခြင်းတို့အတွက် အရေးကြီးတဲ့ ဗီတာမင် တစ်ခုဖြစ်ပါတယ်။ ပြီးတော့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေ သင့်တင့်လျောက်ပတ်စွာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ဖိုအတွက်လည်း ကူညီပေးပါတယ်။ ဗီတာမင် A မှာ နှစ်မျိုးရှိပါတယ်။ ပထမ တစ်ခုက preformed vitamin A ပါ..။ သူက ခန္ဓာကိုယ်ကနေ ချက်ချင်းအသုံးပြုလို့ရတဲ့ ဗီတာမင်ပါ..။ သူ့ကို အသား၊ ကြက်သား၊ ငါးနဲ့ နွားနို့ထုတ်ကုန်တွေကနေ ရနိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ ပရိုဗီတာမင် A (Provitamin A) ပါ..။ သူ့ကိုတော့ အသီးအရွက်များနဲ့ အခြား အပင်ကိုအခြေခံပြီးထုတ်ထားတဲ့ ထုတ်ကုန်တွေကနေ ရရှိနိုင်ပါတယ်..။ အစားအသောက်တွေနဲ့ အဟာရ ဖြည့်စွက်စာများမှာ အများဆုံးတွေ့ရတဲ့ ပရိုဗီတာမင် A ကတော့ ဘီတာကယ်ရိုတင်းပဲဖြစ်ပါတယ်။ ဘီတာ ကယ်ရိုတင်းကို လိမ္မော်ရောင်နဲ့ အဝါရောင်ရှိတဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ပရိုဗီတာမင်ရဲ့ အုပ်စုဝင် ဘီတာကယ်ရိုတင်းမှာ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အန်တီအောက်ဆီးဒန့် ပါ ပါတယ်။ 

ဗီတာမင် D

သူ့ကိုတော့ ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်မှုနဲ့ ကျန်းမာကြံ့ခိုင်တဲ့ အရိုးများဖြစ်ဖို့အတွက် မရှိမဖြစ် လိုအပ် ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရိုးများ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယံကို စုပ်ယူဖို့အတွက် ဗီတာမင် D လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဆဲလ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များ ပုံမှန်ဖြစ်နေစေဖို့လည်း လုပ်ဆောင်ပေး ပါတယ်။  သူ့ကိုတော့ အစားအသောက်တော်တော်များများမှာ မတွေ့ရတတ်ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ်မှာ ဆိုရင်တော့ ဗီတာမင်  D ပါဝင်တဲ့ အဆင်သင့်ပြုလုပ်ထားတဲ့ နွားနို့များ၊ ဆယ်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာများ စတာ တွေကနေ ရနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ကလည်း နေရောင်ခြည်ကနေပြီး ဗီတာမင် D ကို တိုက်ရိုက် ပြောင်းလဲ ရယူနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အသားအရေကနေ ဗီတာမင်Dကို ရယူပြောင်းလဲနိုင်တဲ့ ပမာဏကတော့ ရာသီဉတု၊ လတီ္တကျု ၊ အသားအရောင် စတဲ့ အချက်တွေပေါ်မူတည်ပါတယ်။ နေထိုင်တဲ့အရပ်ဒေသ၊ နေထိုင်မှုပုံစံ ပေါ်မူတည်ပြီး ဗီတာမင် D ထုတ်လုပ်မှု လျော့ကျတာတွေလည်းရှိနိုင်ပါတယ်။ Sunscreen လိမ်းထားမယ် ဆိုရင်လည်း ဗီတာမင် D   ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

ဗီတာမင် E

အမြင်အာရုံ၊ မျိုးပွားခြင်းဖြစ်စဉ်နဲ့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု၊ ဉီးနှောက်နဲ့ အသားအရည်တို့အတွက် လိုအပ်တဲ့ အဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် E မှာလည်း အန်တီအောက်ဆီးဒန့် ဂုဏ်သတ္တိရှိပါတယ်။ အန်တီအောက်ဆီးဒန့်ဆိုတာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့ ၊ ဓာတ်ငွေ့တွေကြောင့် ထုတ်တဲ့ free radical molecules လို့ခေါ်တဲ့ ဆဲလ်တွေကို ပျက်စီးစေခြင်းဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပဲ ဖြစ်ပါတယ်..။ အန်တီအောက်ဆီးဒန့် ဂုဏ်သတ္တိ ရဖို့အတွက် အာဟာရဖြည့်စွက်စာတွေကိုသောက်သုံး နေမယ်ဆိုရင် သိထားရမယ့်အချက်က အဲ့ဒါတွေကနေရတဲ့ ဗီတာမင် E ဟာ အစားအသောက်တွေကနေရရှိတဲ့ ဗီတာမင် E ရဲ့ အကျိုးအာနိသင်ချင်း မတူဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဗီတာမင် E ပါဝင်တဲ့ အစားအသောက်တွေကတော့ ကနိုလာဆီ (ဟင်းသီးဟင်းရွက်ဆီ)၊ သံလွင်ဆီ၊ ထောပတ်၊ ဗာဒံစေ့၊ အသီးအရွက်အချို့ စတာတွေ ဖြစ်ပါတယ်။  သောက်ဆေး၊ အာဟာရဖြည့်စွက်စာ တို့ အနေနဲ့လည်း ရနိုင်ပါတယ်။ 

ဗီတာမင်K

ပုံမှန်သွေးခဲမှု ဖြစ်စဉ်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် K ကိုတော့ အရွက်၊ အသားနဲ့ နွားနို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။ အဲ့ဒီအစားအသောက်တွေအပါအဝင် အစားအသောက်များကို အာဟာရ မျှမျှတတ စားပေးမယ်ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်K ကို ရသင့်သလောက်ရရှိနိုင်ပါတယ်။ ပုံမှန်အတိုင်းချက်ပြုတ်စားသောက်တာတွေကတော့ ဗီတာမင်  K အနည်းငယ် လျော့နည်းမှုကိုဖြစ်စေပါတယ်။ သတိထားရမှာက ပုံမှန်သွေးခဲနေတာထက်ပိုတဲ့လူဖြစ်ပြီး သွေးကျဲဆေးသောက်နေရတဲ့ လူဆိုရင်တော့ နေ့စဉ် အစားအသောက်တွေထဲက ဗီတာမင် K ပမာဏက သွေးကျဲစေတဲ့ ဆေးရဲ့ အာနိသင်ကို လွှမ်းမိုးကောင်း လွှမ်းမိုနေနိုင်ပါတယ်။ ဒါဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ဆွေးနွေးပြီး စားသောက်မှုပုံစံပြောင်းလဲသင့်ရင် ပြောင်းလဲရပါလိမ့်မယ်။

 ၂။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် (Water soluble vitamins) 

ဗီတာမင်C နဲ့ ဗီတာမင် B အုပ်စုတွေဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဖြစ်ပါတယ်။ အဲ့ဒီဗီတာမင်တွေ ဟာဆိုရင် ခန္ဓာကိုယ်ရဲ့ တစ်ရှူးများဆီ လိုအပ်တဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးပါတယ်..။ ဒါပေမဲ့ သူတို့ ကို ခန္ဓာကိုယ်ထဲမှာတော့ သိုလှောင်မထားနိုင်ပါဘူး။  ခန္ဓာကိုယ်ကနေ စွန့်လိုက်တဲ့ ဆီးနဲ့အတူ ပါသွားတာကြောင့် နေ့စဉ် ထောက်ပံ့ပေးနေဖို့ လိုအပ်ပါတယ်။ ဒီဗီတာမင်တွေကိုတော့ အပင်တော်တော်များများ ၊ အသား တော်တော်များများနဲ့ အဟာရဖြည့်စွက်စာတွေကနေ ရနိုင်ပါတယ်။  ဗီတာမင် C ကတော့ သွေးကြောများ၊ အရိုးနု၊ ကြွက်သားနဲ့ အရိုးတွေထဲမှာ ကော်လာဂျင် ဓာတ်များ ဖြစ်ပေါ်စေရန်  ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်..။ သူက လူ့ခန္ဓာကိုယ်မှာ အနာ၊ ဒဏ်ရာ တစ်ခုခု ဖြစ် ခဲ့ရင် သက်သာစေခြင်း ( ဉပမာ – အရိုးကျိုးခဲ့ရင် သင့်ရဲ့ ခန္ဓာကိုယ်ကနေ ချက်ချင်း ဆဲလ်သစ်တွေိကိုထုတ်လုပ်ပြီး အနာသက်သာအောင်လုပ်ခြင်း) စတဲ့ ကုသမှုဖြစ်စဉ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ ဗီတာမင်C က ပတ်ဝန်းကျင်ညစ်ညမ်းမှု (ဆေးလိပ်ငွေ့တွေ၊ မီးခိုးငွေ့တွေ) ၊ ခရမ်းလွန်ရောင်ခြည်၊ စိတ်ဖိစီးမှုနဲ့ အခြား ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်ကထုတ်တဲ့ free radical မော်လီကျူးတွေရဲ့ ခန္ဓာကိုယ် အပေါ် အကျိုးသက်ရောက်မှုတို့ကို ကာကွယ်ပေးတဲ့ ဆဲလ်များကို ကူညီကာကွယ်ပေးပါတယ်။ Free radicals ဆိုတာက ဆဲလ်သေဆုံးမှုကိုဖြစ်စေတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်  C ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်စုပ်ယူပြီး သိုလှောင်ရာမှာလည်း ကူညီပေးပါတယ်။ ဗီတာမင် C ကိုတော့ ရှောက်သံပုရာ၊ ဘယ်ရီသီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်း နုနွယ် စတာတွေကနေ ရရှိနိုင်ပါတယ်။ သူ့ကိုတော့ ဆေးတောင့် ဆေးပြား ၊ ငုံဆေးပြားစတဲ့ ပုံစံအမျိုးမျိုးနဲ့ အဟာရဖြည့်စွက်စာအဖြစ် ထုတ်လုပ်ကြပြီး လူသိများတဲ့ ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ်။

ဗီတာမင် B  ထဲမှာဆိုရင် thiamin, riboflavin, niacin, vitamin B6, vitamin B12 .. စသဖြင့် အခွဲလေးတွေ ထပ်ရှိပါတယ်..။ 

ဗီတာမင် B6

ဗီတာမင် B အုပ်စုများဟာဆိုရင် ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေပါ..။ ဉီးနှောက်ဖွံ့ဖြိုးတိုးတက်မှု၊ အာရုံကြောစနစ်များကောင်းမွန်စေဖို့နဲ့ခန္ဓာကိုယ်ရဲ့ ခုခံအားကောင်းမွန်စေဖို့အတွက် ဖြစ်ပါတယ်။  ဗီတာမင် B6 ရရှိနိုင်တဲ့ အစားအသောက်တွေကတော့ ကြက်သား၊ ငါး၊ အာလူး၊ ကုလားပဲ၊ ငှက်ပျောသီးတို့ ဖြစ်ပါတယ်။ ဗီတာမင် B6 ကို ပုံစံအမျိုးမျိုးနဲ့ထုတ်လုပ်ထားတဲ့ ဆေးပြား ဆေးတောင့် ဆေးရည် တွေကနေလည်း ရနိုင်ပါတယ်..။

ဗီတာမင် B12

ဗီတာမင် B-12 ကို cobalamin လို့လည်းခေါ်ကြပါတယ်။ သွေးနီဉဖြစ်ပေါ်မှု၊ ဆဲလ်ဇီဝဖြစ်စဉ်၊ အာရုံကြောပိုင်းဆိုင်ရာလုပ်ဆောင်ချက် စတာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။  ဗီတာမင် B-12 ကိုတော့ ကြက်သား၊ ငါးနဲ့ နို့စားနွားတွေကနေ ထုတ်လုပ်တဲ့ ထုတ်ကုန် စတာတွေကနေ ရနိုင်ပါတယ်။ ဗီတာမင် B-12ကို သောက်ဆေး၊ စားဆေးအနေနဲ့လည်း ရရှိနိုင်ပါတယ်။ 

ကဲ..ဒီလောက်ဆိုရင်တော့ ဗီတာမင်တွေက ခန္ဓာကိုယ်အတွက် ဘာတွေကောင်းမွန်စေပြီး သူတို့ကိုရဖို့ ဘယ်လို တွေ ဖြည့်ရမယ်ဆိုတာကို အတိုင်းအတာတစ်ခုအထိတော့ သဘောပေါက်လောက်ပြီမို့ ဆောင်ရန်၊ ရှောင်ရန်လေး တွေကို သတိထားလုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ..။

Leave a Reply

Your email address will not be published. Required fields are marked *