NCA စာချုပ်မှသည် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့
မျက်မှောက်ကာလမှာ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အဖြစ်ချင်ဆုံးလိုအင်ဆန္ဒဟာ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိလိုခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်အရလည်း ထာဝရငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအရှိန်အဟုန်ဖြင့် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိမှလည်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံးလိုလားတောင့်တနေတဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်ကို အောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အစိုးရအနေနဲ့ နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် ထာဝရငြိမ်းချမ်းရေးရရှိအောင်မဖြစ်မနေ၊ မဆုတ်မနစ်ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အလိုအပ်ဆုံးနဲ့မဖြစ်မနေစတင်လျှောက်လှမ်းရမယ့်ခြေလှမ်းကတော့ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA)” လက်မှတ်ရေးထိုးပြီး နိုင်ငံရေးရည်မှန်းချက်တွေကို အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရေးဖြစ်ပါတယ်။
NCA စာချုပ်ဟာ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တံခါးဝဖြစ်လို့ NCA တံခါးမှတစ်ဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။
NCA စာချုပ်ရဲ့ အနှစ်သာရဟာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကိုအခြေခံတဲ့ ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ NCA ရဲ့ အနှစ်သာရတွေကိုသိရှိနားလည်ပြီး မိမိတို့ရဲ့ အတ္တ၊ မာန်မာနတွေကိုလျှော့ချကာ နိုင်ငံတော်နှင့်ပြည်သူလူထုရဲ့ ပကတိလိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါတယ်။
NCA စာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် သက်သက်မဟုတ်ဘဲ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ငြိမ်အေးချမ်းစွာနဲ့ အကောင်အထည်ဖော်တည်ဆောက်နိုင်ရန်ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ရဲ့ သဘောတူညီမှုဖြင့် ဆောင်ရွက်ခဲ့တဲ့အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။
NCA စာချုပ်ကို တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ လိုလားချက်များနဲ့အဆိုပြုချက်များကိုမူတည်ပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ သမိုင်းဝင်စာချုပ်တစ်ခုဖြစ်ပါတယ်။
NCA စာချုပ်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ရင် ဒီစာချုပ်ရဲ့ အရေးပါမှု၊ ဂုဏ်သိက္ခာနှင့်တန်ဖိုးကို ပိုမိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၁ ခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိရန်ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ရာကနေစတင်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်စေရေးထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ဒီမိုကရေစီအစိုးရရဲ့ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ သက်ဆိုင်ရာ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ကြပါတယ်။ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးမှုများမှာ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ၂၀၁၄ ခုနှစ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၆ ဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ညှိနှိုင်းရေးအဖွဲ့(NCCT)၊ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)များဖွဲ့စည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့(UPWC)နဲ့ စတင်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ NCA သဘောတူစာချုပ်(မူကြမ်း)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များနဲ့အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ သမိုင်းဝင် NCA စာချုပ်လက်မှတ်ရေးထိုးပွဲကို ခမ်းနားထည်ဝါစွာပြုလုပ်နိုင်ခဲ့ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာတော့အစိုးရကိုယ်စား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့တပ်မတော်ခေါင်းဆောင်များအပါအဝင် အစိုးရကိုယ်စားလှယ် ၉ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ တစ်ဖွဲ့လျှင် ၃ ဦးစီဖြင့် ၂၄ ဦး၊ ပြည်တွင်းအသိသက်သေ ၂၁ ဦး၊ နိုင်ငံတကာအသိသက်သေများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ ထပ်မံရေးထိုးထားတဲ့အတွက် စုစုပေါင်းအဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ဖြစ်ပါတယ်။
NCA စာချုပ်မှာ အခန်း ၇ ခန်းပါဝင်ပြီး အပိုဒ်ပေါင်း ၃၃ ပိုဒ်၊ အပိုဒ်ခွဲ ၈၆ ခုနှင့် ပြဋ္ဌာန်းချက် စုစုပေါင်း ၁၀၄ ချက်ပါရှိပါတယ်။ NCA စာချုပ်ထဲမှာ အခြေခံမူများ၊ ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အထွေထွေအကြောင်းအရာများ ပါရှိပါတယ်။
အရေးကြီးဆုံးသော NCA ၏ အခြေခံမူမှာ အာမခံချက်များ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်သွားဖို့နဲ့နိုင်ငံရေးပြဿနာကိုစစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ဖို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကောင်းမွန်ပြီး အနှစ်သာရပြည့်ဝတဲ့ NCA စာချုပ်ရဲ့ထူးခြားချက်က NCA စာချုပ်ထဲမှာ ရေးသားထားတဲ့ အချက်အလက်များဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကချင်ပြည်နယ်လိုင်ဇာမှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံနဲ့ ၂၀၁၅ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ ကရင်ပြည်နယ်၊ လော်ခီးလာညီလာခံမှတစ်ဆင့်ထွက်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့လိုလားချက်၊ ကနဦးအဆိုပြုချက်များအပေါ် အစိုးရနဲ့တပ်မတော်က မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာ မရှိဖူးတဲ့ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့စိတ်ဆန္ဒနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ရင်းနှီးနွေးထွေးစွာနဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် NCA စာချုပ်ဟာ အလွယ်တကူရရှိခဲ့ခြင်းမဟုတ်ဘဲ ပထမဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင် ဖိတ်ခေါ်ခဲ့တဲ့ရက်ကစပြီး NCA စာချုပ် လက်မှတ်ရေးထိုးချိန်အထိ ရက်ပေါင်း ၁၄၅၀ ရက် ကြာမြင့်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်း ၅၀၀၀ ကျော်အထိပြုလုပ်ခဲ့ကြပါတယ်။
NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံတော်အစိုးရတို့ကြားမှာ အာမခံချက် ပေးထားတဲ့ ကတိကဝတ်နဲ့ သဘောတူညီချက်ဖြစ်တာနဲ့အညီ Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်ပျက်ပြယ်မှုမရှိတဲ့ သမိုင်းဝင်စာချုပ်ဖြစ်တာကြောင့် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ထာဝရငြိမ်းချမ်းရေးရရှိရန် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်လျက်ရှိနေပါတယ်။
လက်ရှိရွေးကောက်ခံအစိုးရဖြစ်တဲ့ တတိယဒီမိုကရေစီအစိုးရလက်ထက်မှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC)ဟာ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားကာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရန် NCA လမ်းကြောင်းအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ကမ်းလှမ်းဖိတ်ခေါ်ထားရှိပါတယ်။
တတိယဒီမိုကရေစီအစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအပြီးမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဟာ အစိုးရရဲ့ငြိမ်းချမ်းရေးမူဝါဒများနဲ့အညီ NCA လက်မှတ်ရေးထိုးထားသော EAO များ၊ NCA လက်မှတ်ရေးထိုးပြီး NCA မှ သွေဖည်သွားသော EAO များ၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ EAO များ၊ အခြားငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အစုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ သံတမန်များနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်။ ဒီလိုဆွေးနွေးမှုများမှာ အဓိကအားဖြင့် Bilateral ဆွေးနွေးမှုများဖြင့် စတင်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အခြေပြုကာနားလည်မှု၊ ယုံကြည်မှုတည်ဆောက်ခြင်းကိုဆောင်ရွက်နေတာဖြစ်ပါတယ်။
ရွေးကောက်ခံအစိုးရသစ်လက်ထက်မှာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ ၆ လတာကာလအတွင်း NSPNC အနေဖြင့် NCA လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့ ၇ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ၁၃ ကြိမ်၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ EAO အဖွဲ့ ၅ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးမှု ၈ ကြိမ်၊ ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း ၆ ဖွဲ့နဲ့ ဆွေးနွေးမှု ၇ ကြိမ် စုစုပေါင်းအဖွဲ့ ၁၈ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု ၂၈ ကြိမ်ရှိနေပြီဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုများရရှိနေပြီး အပြန်အလှန်လေးစားယုံကြည်မှုနဲ့တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်။အဲဒီဆွေးနွေးပွဲများမှာ
အဓိကဆွေးနွေးခဲ့တဲ့အကြောင်းအရာများကတော့ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုတည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးရလဒ်များနှင့် အမြန်ဆုံးတည်ဆောက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေး၊ Online လိမ်လည်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့များနယ်မြေအတွင်း မရှိစေရေးနဲ့လိုအပ်တဲ့ဒေသများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးတို့အပြင် NCA လမ်းကြောင်းမှ ထွက်ခွာသွားတဲ့ EAO များ NCA လုပ်ငန်းစဉ်များမှာ ပြန်လည်ပါဝင်လာနိုင်စေရေးတို့ကို လွတ်လပ်ပွင့်လင်းစွာဖြင့် ရင်းရင်းနှီးနှီးဆွေးနွေးလျက်ရှိပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုရရှိရေးဟာ လုပ်ငန်းစဉ်ကြီးအောင်မြင်စေရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တာကြောင့် ပြည်သူကိုဗဟိုပြုတဲ့ ချဉ်းကပ်မှုနဲ့ငြိမ်းချမ်းရေးအသီးအပွင့်တွေ၊ ငြိမ်းချမ်းရေးရဲ့ အကျိုးကျေးဇူးများ ပြည်သူတွေအမြန်ဆုံး ခံစားရရှိစေဖို့ကိုလည်း ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။
လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခများဟာ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်၊ ကိုယ်ကျိုးစီးပွားနဲ့နွယ်တဲ့ ပုဂ္ဂိုလ်ရေး အတ္တဆန်မှုများကြောင့် သက်ဆိုးရှည်နေရခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တိုင်းရင်းသားအရေးအကြောင်းပြချက်နဲ့လက်နက်ကိုင်ဆွဲပြီး နယ်မြေထိန်းချုပ်မှုများ ပြုလုပ်နိုင်ရေးလိုအပ်တဲ့ဘဏ္ဍာငွေကြေးရရှိဖို့အတွက် မူးယစ်ဆေးဝါးကုန်သွယ်မှုအပါအဝင် တရားမဝင်စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင် သယံဇာတခိုးယူမှုများ၊ Online လောင်းကစားလိမ်လည်မှုများနဲ့နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခိုကုန်သွယ်မှုများဟာ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ လက်လှမ်းမမှီတဲ့ တိုင်းရင်းသားနယ်မြေများမှာ ကြီးထွားအမြစ်တွယ်နေတာ ပကတိအရှိတရားဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနဲ့ ဖြစ်သင့်တာထက်ကျော်လွန်ပြီး ကိုယ်ဖြစ်ချင်တာတွေကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းနဲ့တောင်းဆိုနေခြင်းကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ခံလို့မရနိုင်တာကြောင့် မိမိတို့ရဲ့လိုလားချက်များကို လက်နက်စွဲကိုင်တောင်းဆိုခြင်းအစား နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းကိုသာ လျှောက်လှမ်းကြစေချင်ပါတယ်။
လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရဖြစ်သလို တပ်မတော်နဲ့တစ်သားတည်းဖြစ်လို့ အစိုးရ၊ တပ်မတော်၊ ပြည်သူစည်းလုံးညီညွတ်စွာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးလိုလားနေတဲ့ “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး”ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကိုညင်သာစွာကူးပြောင်းရရှိအောင်လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေရတဲ့ ဒေသခံပြည်သူများရဲ့ လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုများရပ်စဲနိုင်ရေး အသိတရားရှိရှိနဲ့သတိတရားရရှိပြီး ထာဝရငြိမ်းချမ်းရေးရဲ့ တံခါးဝ NCA လမ်းကြောင်းကို လျှောက်လှမ်းကြပါရန် အချိန်အခါကောင်းရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။
NCA လမ်းကြောင်းပေါ်က EAO များ၊ လမ်းကြောင်းပေါ်ရောက်ပြီး သွေဖည်သွားတဲ့ EAO များ၊ လမ်းကြောင်းပေါ် လျှောက်လှမ်းရန် တုံ့ဆိုင်းနေတဲ့ EAO များအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုလားတဲ့ ဆန္ဒ၊ သဘောထားကြီးစွာနဲ့ ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ဘေးပယောဂများကိုကြံ့ကြံ့ခံပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးကာသတ္တိရှိရှိ ဆုံးဖြတ်ပြီး NCA စာချုပ်မှသည် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။ မင်းခန့်
