ကလေးတွေကို ဖုန်းဘယ်လောက်ကြာကြာ ပေးကြည့်ရမလဲ။

ဖေဖေ ‎မေမေတို့ရေ….
ကိုယ့်ရဲ့ကလေးလေးကို အကောင်းဆုံး ပျိုးထောင်ပေးချင်တာဟာ မေမေတို့၊ ဖေဖေတို့ရဲ့အနှိုင်းမဲ့ မေတ္တာတွေပါ။

ကလေးငယ်ကို ငယ်ရွယ်စဉ်မှာ screen (တီဗီ၊ တယ်လီဖုန်း၊ ကွန်ပြူတာ စသည်တို့) ပြသခြင်းဟာ ကန့်သတ်သင့်တဲ့ အရာတစ်ခုဆိုတဲ့အကြောင်းကိုတော့ အသိပေးပြောပြပါရစေနော်။

၁။ ”မွေးစကနေ ၂ နှစ်အထိ ကလေးငယ်လေးတွေကို ဘာ screen မှ မပြသင့်ပါဘူး။ တအားငယ်သေးတဲ့အချိန်မှာ မျက်လုံးရဲ့အမြင်အာရုံက မပြည့်စုံသေးပါဘူး။ Screen မှာ ပေါ်တာတွေကို ကောင်းစွာမမြင်ရသေးသလို ဘာလဲဆိုတာကို မသိကြသေးပါ။ သူတို့အနေနဲ့ ဘာရသွားသလဲဆိုတော့ ပုံရိပ်တွေ မြန်မြန်ကြီး လှုပ်ရှားပြောင်းလဲနေတာတွေကို လိုက်ခံစားမိပြီး စိတ်လှုပ်ရှားတာမျိုးသာ ဖြစ်နိုင်ပါတယ်။ အလင်းရောင်ကြောင့် အိပ်ချင်စိတ်လျော့ကျပြီး ကောင်းကောင်းအိပ်မပျော်တာ ဖြစ်နိုင်ပါတယ်။

၂။ ၂ နှစ်ကနေ ၅ နှစ်ကလေးတွေကို တစ်နေ့ တစ်နာရီထက်မပိုအောင် screen ပြမယ်ဆိုရင်‌တော့ ပြလို့ရပါတယ်တဲ့။ ကလေး ကို တစ်ယောက်တည်း လွှတ်ထားပေးတာမျိုးမလုပ်ဘဲ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူကလည်း ဘေးကနေ အတူတူလိုက်ကြည့်တာမျိုး လုပ်ပေးရပါမယ်။ ဖုန်းထဲ၊ တီဗီထဲမှာ မြင်ရတာတွေကို ပြောပြတာမျိုး၊ ရှင်းပြပေးတာမျိုး (engagement) ကောင်းကောင်းနဲ့ အပြန်အလှန်လုပ်ပေးသင့်ပါတယ်။ ၂ နှစ်အထက် ကလေးတွေက screen ကနေ ကောင်းစွာသင်ယူနိုင်ကြပါပြီ။ အထဲကအရုပ်ကို အပြင်မှာမြင်ရတဲ့ တကယ့်အရာနဲ့ ချိတ်ဆက်တာမျိုးတွေ လုပ်ဆောင်နိုင်ကြပါပြီ။ ဒါကြောင့် ဘယ်အရာကို ပြဖြစ်‌နေလဲဆိုတာ တော်တော်လေး အရေးပါပါတယ်။ Contents (ကာတွန်း၊ ဟာသ၊ သီချင်းစသည်) တွေရဲ့ အရည်အသွေး (quality) ကို သေချာရွေးချယ်ပြီး ပြပေးဖို့လိုပါတယ်။

၃။ အိပ်ခါနီး ဖုန်း screen တွေကို မပြသင့်ပါ။ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးလို့ပါ။

၄။ မိဘကိုယ်တိုင် ပြုပြင်ပါ။ ကလေးကို ထိန်းကျောင်းနေရင်း ဖုန်းသုံးတာမျိုးရှောင်ကြဉ်သင့်ပါတယ်၊ Screen time က တအားမလွှမ်းမိုးနေဖို့၊ screen free time လေးတွေ ထားပေးဖို့ဆိုရင် ထမင်းတူတူစားချိန်မှာ တစ်မိသားစုလုံး ဖုန်းမသုံးကြတာမျိုး၊ ပုံပြင်ပြောပြချိန်မှာ အပြန်အလှန် မျက်လုံးကိုကြည့်ပြီး စိတ်ဝင်တစားပြောပြတာမျိုး၊ ကိုယ်လက်လှုပ်ရှား ကစားချိန် ရှိစေတာမျိုး၊ စာအုပ်အတူတူဖတ်ချိန် ထားရှိပေးတာမျိုးတွေကို ပြုလုပ်ပေးပါ။
‎

Leave a Reply

Your email address will not be published. Required fields are marked *