ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါမောက္ခဒေါက်တာဒေါ်ခင်ချိုချိုဦး ဦးဆောင်သည့် ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးချိန် စက်တင်ဘာ ၂၃ ရက်မွန်းလွဲ၁ နာရီခွဲတွင် လွှတ်တော်အဆောက်အအုံ (C) ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာကြသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မေးခွန်းများမေးမြန်းခြင်း၊ ဖြေကြားခြင်းများကို ကိုယ်တိုင်ကိုယ်ကျမျက်မြင်လေ့လာခွင့်ရသည့်အတွက် လွှတ်တော်နှင့်စပ်လျဉ်းသည့်ဗဟုသုတများအထိုက် အလျောက် ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်အရ မဲပေးရွေးချယ်ရသည့် ရွေးကောက်ပွဲကာလကိုဖြတ်သန်းပြီးနောက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီး (၃) ရပ် ပေါ်ပေါက်လာပါ ကြောင်း၊ မိမိတို့လွှတ်တော်များသည် ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုပြီး အဆိုပါလွှတ်တော်များသည် ပြည်သူများက ယုံကြည်အားကိုးစွာဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုဖော်ဆောင်ရန် မဲပေး ရွေးချယ်လိုက်သည့် ပုဂ္ဂိုလ်များဖြင့် စုဝေးထားသည့်နေရာလည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကိုကျင့်သုံးပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ရှိပါကြောင်း၊ ထို့ပြင်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တစ်ရပ်စီရှိကြပါကြောင်း၊ လွှတ် တော်များ၏အဓိကတာဝန်များသည် နိုင်ငံတော်ကို ဦးစီးဦးဆောင်မည့်ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်ခြင်း၊ နိုင်ငံသားများ အားလုံး ဥပဒေ၏အကာ အကွယ်အောက်တွင် လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် တည်ဆဲဥပဒေများကို လေ့လာစိစစ်သုံးသပ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းအပြင် လိုအပ်သည့်ဥပဒေအသစ်များကိုလည်းပြဋ္ဌာန်းခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ အကြံပြုခြင်း၊ “ပြည်သူ့အသံ – လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ – လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက် – လွှတ်တော်ကဖော်ဆောင်ရွက် ” ဆိုသည့် လွှတ်တော်၏ဆောင်ပုဒ်နှင့်အညီ မဲဆန္ဒရှင် ပြည်သူများ၏ လိုလားချက်ဆန္ဒများကို လွှတ်တော်တွင်း၌ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုခြင်းတို့ဆောင်ရွက်ရပါကြောင်း၊ တစ်နည်းအားဖြင့် လွှတ်တော်သည် ပြည်သူနှင့် အစိုးရကြား ဆက်သွယ်ဆောင်ရွက်ပေးရသည့် ပေါင်းကူးတံတား သဖွယ်လည်းဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်တွင် အာဆီယံ၊ နိုင်ငံတကာပါလီမန်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များ ဖွဲ့စည်းထားရှိပါကြောင်း၊ မိမိတို့လွှတ်တော်သည် အာဆီယံပါလီမန်များညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး ပါလီမန်သံတမန်ရေးရာကဏ္ဍတိုးမြှင့်ရေးအတွက်လည်း အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများအားကိုးယုံကြည်သည့် လွှတ်တော်တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို လွှတ်တော်သို့စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည့် အတွက်လည်းဂုဏ်ယူပါကြောင်း၊ လွှတ်တော်မှဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကပြန်လည်ဖြေကြားသည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တက်ရောက်လာကြသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်၊ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီအတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အဖွဲ့ဝင်ဒေါက်တာရွှေပြည်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မြဝတီ
