ယူကရိန်းပဋိပက္ခဖြေရှင်းရေး ကြားဝင်စေ့စပ်ပေးရန် ရှီကျင့်ဖျင်နှင့်မိုဒီ တက်ကြွစွာကမ်းလှမ်း

BRICS အဖွဲ့ ထိပ်သီးအစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်သီးခြားစီတွေ့ဆုံစဉ် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကြားဝင်စေ့စပ်ပေးရန် တက်ကြွစွာ ကမ်းလှမ်းကြကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က စက်တင်ဘာလ ၁၃ ရက်တွင်အတည်ပြုပြောသည်။

နှစ်နိုင်ငံခေါင်းဆောင်များကြားတွေ့ဆုံပွဲများအတွင်း နာရန်ဒရာမိုဒီနှင့်ရှီကျင့်ဖျင်တို့က ယူကရိန်းအရေးကို အထူးစိတ်ဝင်တစားရှိကြောင်းပြသပြီး ပဋိ ပက္ခပြေလည်စေရေးနည်းလမ်းများကိုရှာဖွေရာတွင် အကောင်းဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ပက်စကော့ကရှင်းပြသည်။

အဆိုပါအိန္ဒိယနှင့်တရုတ်ခေါင်းဆောင်တို့၏ဆန္ဒအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်ကကြိုဆိုပြီး ယူကရိန်းပဋိပက္ခအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောသည်။

ယခုကဲ့သို့ အာရှအင်အားကြီးနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ရန်ကြိုးပမ်းမှုသည် ကမ္ဘာ့သံတမန်ရေးစင်မြင့်တွင်  အရေးပါသော အလှည့်အပြောင်းတစ်ခုဖြစ်လာခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုလည်း ရုရှားဘက်ကမျှော်လင့်ချက်ထားရှိ ကြောင်း မကြာသေးမီကထုတ်ပြန်ထားပြီး ယခုအခါ မိုဒီနှင့်ရှီကျင့်ဖျင်တို့၏ကမ်းလှမ်းမှုက ယူကရိန်းအရေးဖြေရှင်းရန် နိုင်ငံတကာ၏ သံတမန်ရေးလှုပ်ရှားမှုများကို ပိုမိုအားကောင်းလာစေသည်။

ယူကရိန်းပဋိပက္ခ ရပ်တန့်ရေးအတွက် ဘက်စုံသံတမန်လမ်းကြောင်းများ ပွင့်လာနိုင်ခြေရှိသော်လည်း မြေပြင်အခြေအနေနှင့်အဆိုပါ ကြားဝင်စေ့စပ်မှုများကြား မည်မျှအထိ လက်တွေ့ကျကျ အကောင် အထည်ဖော်နိုင်မည်ကို နိုင်ငံတကာကစောင့်ကြည့်လျက်ရှိကြောင်းသိရသည်။ Ref: ST

Leave a Reply

Your email address will not be published. Required fields are marked *