အမေရိကန်နဲ့အီရန်တို့ကြား တစ်ညတာတိုက်ခိုက်မှုပြန်ဖြစ်တာနဲ့တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးအထိမြင့်တက်လာတဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း

အမေရိကန်နဲ့ အီရန်တို့ကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေမဖြစ်တာ ရက်အနည်းငယ်တော့ကြာနေပါပြီ။ ဒီအတောအတွင်းကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည်လည်းကျဆင်းသွားပါတယ်။ နှစ်နိုင်ငံကြားမှာအပြန်အလှန်သဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့စွပ်စွဲနေကြဆဲဖြစ်ပေမယ့် တိုက်ခိုက်မှုတွေလျော့နည်းသွားတဲ့အတွက် လောင်စာစွမ်းအင်ကိစ္စသည်လည်း အနည်းငယ်အနည်ထိုင်စပြုလာတာပါ။ တစ်ချိန်တည်းမှာ အီရန်နဲ့အိုမန်နိုင်ငံတို့ကြား ဟော်မုရေလက်ကြားကို ပိုင်းခြားရေးကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိထားတဲ့အတွက် လောင်စာဆီတင်သင်္ဘောကြီးများကလည်း ဒီရေလက်ကြားကနေ ပုံမှန်အတိုင်းဖြတ်သန်းနိုင်တော့မယ်လို့ ကုန်သည်များကယူဆရတာကြောင့်လောင်စာနဲ့ပတ်သက်ပြီး စိတ်အေးနေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း မမျှော်လင့်ထားတဲ့အခြေအနေတွေဖြစ်ပွားခဲ့ရင်ဆိုတဲ့ သတိလည်းရှိနေဆဲဖြစ်ပါတယ်။ ကုန်သည်များရဲ့သတိထားမှုဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် စက်တင်ဘာလ ၁ ရက်ညပိုင်းမှာ အမေရိကန်က အီရန်ရှိပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်လိုက်လို့ပါပဲ။ အီရန်ဘက်ကလည်း အမေရိကန်ရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ဒေသတွင်းရှိအမေရိကန်နဲ့ဆက်စပ်ပတ်သက်နေတဲ့နေရာတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့်ပဲ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းဟာ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းမှာတစ်စည်ကိုဒေါ်လာ ၁၀၀ နီးပါးအထိပြန်လည်မြင့်တက်လာရပါတယ်။ အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်က အီရန်အပေါ်တိုက်ခိုက်မှုတွေလုပ်ပြီဆိုပြီး လူမှုကွန်ရက်ပေါ်သတင်းတက်လာတဲ့အချိန်မှာ ဘရန့်ရေနံစိမ်းဈေးနှုန်းကတစ်စည်ကို ၅ ရာခိုင်နှုန်းတက်ပြီး ၉၅ ဒေါ်လာဖြစ်လာပါတယ်။ စက်တင်ဘာလ ၂ ရက်မွန်းလွဲပိုင်းမှာတော့ တစ်စည်ကို ၉၇ ဒေါ်လာအထိမြင့်တက်လာတာတွေ့ရပါတယ်။

“ကုန်သည်တွေအနေနဲ့ကတော့ နောက်ထပ်ရေနံထောက်ပံ့မှုအဟန့်အတားတွေနဲ့ဆက်လက်ရင်ဆိုင်ရဦးမှာပါ။ ကာလတိုကို လှမ်းကြည့်မယ်ဆိုရင် အီရန်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ကြား ပြေလည်ရေးလမ်းကြောင်းဆီသွားနိုင်မယ့် အခြေအနေမရှိတာကိုတွေ့ရပါတယ်။တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေဦးမှာပါ။ ဒါကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းကတော့ တော်တော်လေးမြင့်တက်နေဦးမှာဖြစ်တယ်”လို့ တရုတ်နိုင်ငံ ကျဲကျန်းမြို့ရှိ စတော့ ဈေးကွက်မှလေ့လာသူတစ်ဦးဖြစ်တဲ့ ယန်းလီလီကပြောပါတယ်။

အမေရိကန်နဲ့အီရန်တို့ကြား တိုက်ခိုက်မှုတွေပြန်ဖြစ်တာနဲ့တစ်ပြိုင်နက် ဟော်မုရေလက်ကြားမှာ ပေါက်ကွဲမှု ဖြစ်တဲ့အသံတွေကြားရတယ်လို့ အီရန်ရဲ့ IRIB သတင်းဌာနကဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော်ဒီအာရေဗျမှရေနံစိမ်းများကိုတင်ဆောင်လာတဲ့ အကြီးစားလောင်စာဆီတင်သင်္ဘောနှစ်စင်းဟာ အမျိုးအမည်မသိရသေးတဲ့ လက်နက်များနဲ့တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းတွေလည်းကြားရပါတယ်။ အဲဒီလောင်စာဆီတင် သင်္ဘောနှစ်စင်းက ဆော်ဒီအာရေဗျရေနံစိမ်းစည်ပေါင်း ၂ သန်းကိုတင်ဆောင်လာတာဖြစ်ပါတယ်။

ဒါကြောင့် စိတ်အေးရပြီလို့ထင်ရပေမယ့်တစ်ကျော့ပြန်တိုက်ခိုက်မှုတွေဖြစ်လာတဲ့ ဟော်မုရေလက်ကြားကနေလောင်စာဆီတင်သင်္ဘောတွေကို စေလွှတ်ဖို့ သင်္ဘောပိုင်ရှင်တွေက ပြန်လည်စဉ်းစားလာရပါပြီ။ နောက်ထပ်ကုန်သွယ်ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ပင်လယ်နီဒေသရှိလမ်းကြောင်းကလည်း လက်ရှိမှာငြိမ်သက်မှုမရှိနိုင်ပါဘူး။ သင်္ဘောပိုင်ရှင်တွေအနေနဲ့လည်း မဖြစ်နိုင်မှန်းသိနေတဲ့အခြေအနေမှာ အရဲစွန့်ရလောက်အောင်အထိမိုက်ရူးရဲဆန်မယ်လို့မထင်ပါဘူး။ ဒီလိုသာဆိုရင် အရှေ့အလယ်ပိုင်းမှတင်ပို့နိုင်မယ့် လောင်စာဆီပမာဏဟာ မဆိုစလောက်သာရှိတော့မှာ ဖြစ်တဲ့အတွက် ရေနံစိမ်းဈေးနှုန်း ထပ်တက်လာဖို့သာရှိပါတယ်။     Ref: SCMPထက်မြတ် 

Leave a Reply

Your email address will not be published. Required fields are marked *