ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံထုတ် ဒုံးကျည်စနစ်ဖြစ်တဲ့ Typhoon ဒုံးကျည်စနစ်အသုံးပြုလာမှုအပေါ် တုံ့ပြန်မှုများလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရကသတိပေးလိုက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့အမေရိကန်နဲ့ပူးတွဲစစ်ရေး လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီဒုံးကျည်စနစ်ကိုဖြန့်ကြက်လာတာပါ။ ဒါနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ ရုရှားနိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေတဲ့အတွက် လုံးဝလက်မခံနိုင်ဘူးလို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက စက်တင်ဘာလ ၁ ရက်မှာပြောပါတယ်။
Valiant-Shield အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းလုပ်ဖို့အတွက် ဂျပန်နိုင်ငံက ကာဂိုရှီးမားစီရင်စုရှိ ကာနိုယာ လေတပ်စခန်းမှာ Typhoon ဒုံးကျည်စနစ်တွေကိုဖြန့်ကြက်ထားတာပါ။ အဲဒီဒုံးကျည်စနစ်ကTomahawk အမျိုးအစား ဒုံးကျည်ကိုသုံးပြီး ကီလိုမီတာ ၁၆၀၀ အကွာအဝေးမှာရှိတဲ့ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ ဒီဒုံးကျည်စနစ်ဟာ ဂျပန်မြေပေါ်မှာ ဖြန့်ကြက်ဖူးတဲ့ အဝေးဆုံးရောက်ရှိသော မြေပြင်အခြေစိုက်လက်နက်စနစ် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံကို သံတမန်ရေးအရ ကန့်ကွက်ထားတယ်လို့သိရပါတယ်။ Ref: Xinhua
