ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၆ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့နှစ်နိုင်ငံသည် တရားဝင်သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ် မေလမှစ၍ ထူထောင်ခဲ့ကြသဖြင့် ယခုဆိုလျှင် ၅၁ နှစ်ထဲသို့ရောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာဖြင့် ကာလရှည်ကြာပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့်ယဉ်ကျေးမှုစသည့်ကဏ္ဍများတွင်လည်း ထဲထဲဝင်ဝင်ပူးပေါင်း ဆောင်ရွက် လျက်ရှိကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို မိမိတို့အနေဖြင့်ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဗီယက်နမ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အပံ့ပြုသည့် Doi Moi Plan (2.0) နှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင်လေ့လာလိုပါကြောင်း၊ ထို့ပြင်ဗီယက်နမ်အမျိုးသားလွှတ်တော်နှင့်လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာဗီယက်နမ်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်အချင်းချင်းထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီချင်းဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့်နည်းပညာစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံပါလီမန်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့-AIPO စတင် ဖွဲ့စည်းစဉ်ကတည်းကပါဝင်ခဲ့ပြီး ယခုအာဆီယံပါလီမန်များ ညီလာခံ-AIPA တွင်လည်း အဖွဲ့ဝင်အဖြစ်ဆက်လက်တည်ရှိပါကြောင်း၊ အလားတူပင် နိုင်ငံတကာပါလီမန်များအဖွဲ့-IPU တွင်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ တကာမျက်နှာစာနှင့်အာဆီယံပါလီမန်များညီလာခံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့တွင် ဗီယက်နမ်အမျိုးသားလွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီသည် နိုင်ငံပေါင်းများစွာနှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိသည်ကို  သိရှိပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့်ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန်ဆန္ဒရှိပါကြောင်းပြောကြားသည်။ 

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် သံတမန်ဆက်ဆံရေးသည်ကြာမြင့်သည့်ကာလတစ်ခုသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ သံတမန်ဆက်ဆံရေးကြာမြင့်လာသည်နှင့်အမျှ အစိုးရအချင်းချင်း၊  ပြည်သူအချင်းချင်း၊ လွှတ်တော်အချင်းချင်းလည်းချစ်ကြည်ရင်းနှီးရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုလေးစားလိုက်နာကာ ဆယ်စုနှစ်များစွာ လက်တွဲဆောင်ရွက် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကိုလည်းနားလည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အစိုးရနှင့်လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာမှုအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခက်အခဲများစွာကိုဖြတ်ကျော်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် အစီအမံများ ကိုလည်းမျှဝေသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသားများကိုလည်း ကူညီစောင့်ရှောက်စေလိုပါကြောင်း၊ ထို့ပြင်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များဖွဲ့စည်းပြီး လူငယ်၊ အမျိုးသမီး၊ နည်းပညာစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှလည်း အဆွေတော်ကို နှုတ်ခွန်းဆက်သသည်ကို အသိပေးလိုပါကြောင်း၊  လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နောင်တွင် ဖိတ်ကြားတွေ့ဆုံသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံသွားမည်ဖြစ်ပြီး အာဆီယံပါလီမန်များ ညီလာခံနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။ 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊  နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ဗီယက်နမ်လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့အဖွဲ့ဝင် ဒေါ်မြင့်သန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးနှင့်ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများတက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ  ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့် ဗီယက်နမ်သံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *