PDF အကြမ်းဖက်သောင်းကျန်းသူများက ပေါင်လောင်ကန်ကျေးရွာအနီး မဟာဓာတ်အားလိုင်းတိုင်အမှတ်(၃၃၈)အား မိုင်းထောင်ဖောက်ခွဲ

လျှပ်စစ်စွမ်းအားကဏ္ဍသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားစေရန်နှင့် လူမှုစီးပွားဘဝလုံခြုံတိုးတက်စေရန်အတွက် အဓိက အရေးကြီးသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများနှင့် အချို့သော EAOs အဖွဲ့ များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားကဏ္ဍနှင့်အခြားသောလုပ်ငန်းများကို  နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများသည်  ဇူလိုင် လ ၁၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ပေါင်လောင်ကန်အနီး ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်း  တိုင်အမှတ်(၃၃၈) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့ရသည်။ 

ယင်းဓာတ်အားလိုင်းဖျက်ဆီးခံရမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီဓာတ်အားပေး ကွန်ရက်စနစ်အတွင်း ဓာတ်အားတည်ငြိမ်မှုကိုပါ ထိခိုက်ခဲ့ရပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြား မြို့၊ ရွာများတွင်ပါ ဗို့အားကျဆင်းခြင်း၊ ရံဖန်ရံခါ ဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုးကျပျက်စီးခဲ့သည့် တာဝါတိုင် ၃၃၈ နေရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ သွားရောက်၍ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဓာတ်အားလိုင်းများဖျက်ဆီးခံရသည်နှင့်တစ်ပြိုင်နက် လျှပ်စစ်ဝန်ထမ်းများသည် အမြန်ဆုံးလျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ကြိုးပမ်းပြင်ဆင်ရန် ဆောင်ရွက်ရာတွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက နှောင့်ယှက်တိုက်ခိုက်ခြင်း၊ လမ်းတစ်လျှောက်မိုင်းထောင်ထားခြင်းတို့ကြောင့် အချို့သောဝန်ထမ်းများသေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ များစွန့်လွှတ်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း များလည်းဖြစ်ပေါ်လျက်ရှိသဖြင့်လူ့စွမ်းအား အရင်းအမြစ်ကိုပါ ဆုံးရှုံးရလျက်ရှိသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များကိုအခွင့်ကောင်းယူ၍ ဒေသကောင်းစားရေးနှင့် ပြည်သူလူထုလုံခြုံရေးအတွက်ဟူသော အကြောင်းပြချက်များဖြင့် နိုင်ငံတော်အား ဆန့်ကျင်သည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများအဖြစ် လက်နက်အားကိုး၍ အေးချမ်းစွာနေထိုင် လုပ်ကိုင်လျက်ရှိကြသည့် အပြစ်မဲ့အရပ်သား ပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာဥပဒေမဲ့ကျူးလွန်လျက်ရှိကြသည်။ ယခုကဲ့သို့ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုင်းများကိုဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြမ်းဖက်သမားများကို ဒေသခံပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိပြီး အဆိုပါအကြမ်းဖက်သောင်းကျန်းသူများအားအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *