ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA အဖွဲ့ဝင် ၄၁ ဦးတို့မှ  လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့်လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ ကရင်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA ဖွဲ့တို့မှ အဖွဲ့ဝင် အမျိုးသား ၄၁ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြပါသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် အမ်(၁၆)သေနတ် ၁လက်၊ အမ်(၄)သေနတ် ၂ လက်၊ အူဇီသေနတ်၁ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁လက်၊ လက်လုပ် ၉လုံးထိုးကျည်သေနတ် ၂ လက်၊ Sigsauer ပစ္စတိုသေနတ်၃ လက်၊ ၉ မမ ပစ္စတိုသေနတ် ၂ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ အမ်ဂျီ(၁)လက်ပစ်ဗုံး ၁၀လုံး၊လမ်းလျှောက်စကားပြောစက်၆ လုံး၊ ကျည်အိမ် ၁၁ ခုနှင့် ကျည်မျိုးစုံ၁၈၈ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ ကလက်ခံရယူသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင် နှင့်တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် ၄ လက်အတွက် ငွေကျပ်  သိန်း၂၀၀၊ လက်လုပ်သေနတ် ၃ လက်အတွက် ငွေကျပ်၁၅ သိန်း၊ ပစ္စတိုသေနတ် ၅ လက်အတွက် ငွေကျပ်သိန်း၁၀၀ ၊ လက်လုပ်ပစ္စတို သေနတ်၁ လက်အတွက် ငွေကျပ် ၅ သိန်း၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁၀လုံးအတွက် ငွေကျပ်သိန်း ၃၀၊ လမ်းလျှောက်စကားပြောစက် ၆ လုံးအတွက် ငွေကျပ်  ၁၂  သိန်းနှင့်ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ် ၂၀ သိန်း ၅သောင်း၊ စုစုပေါင်း ၃၈၂ သိန်း ၅ သောင်းကျပ်နှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင် အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီးမိဘအုပ်ထိန်းသူများထံစနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြရာဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ 

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့်ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ၁၀ ဦး၊ လှိုင်းဘွဲမြို့နယ်မှ၁ ဦး၊ ကမ‌မောင်းမြို့နယ်မှ ၁ ဦး၊မွန်ပြည်နယ်၊  ဘီးလင်းမြို့နယ်မှ  ၃  ဦး၊သထုံမြို့နယ် ၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်မှ ၂ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁ ဦး၊ ဒဂုံအရှေ့ပိုင်းမြို့နယ်မှ ၃ ဦး၊ တောင်ဥက္ကလာပမြို့နယ်မှ ၁ ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ၁ ဦး၊ ရန်ကင်းမြို့နယ်မှ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မှ ၂ ဦး၊ မိတ္ထီလာမြို့နယ်မှ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မှ ၁ ဦး၊ ပန်းတောင်းမြို့နယ်မှ ၁ ဦး စုစုပေါင်း ၄၁ဦးဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီးဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *