ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည်

၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဇူ လိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လမ်းပိတ်ခြင်းနှင့် လမ်းလွှဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်သည်။

အာဇာနည်ဗိမာန်တွင် အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်းနှင့် ဦးဝိစာရလမ်းတို့၏ အချို့အပိုင်းများကို ယာယီလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းနှင့် ဗိုလ်ချိုလမ်းတို့တွင်လည်း လမ်းပိတ်၊ လမ်းလွှဲအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အတွင်းဝန်ရုံး၌ အလံတင်အခမ်းအနား ကျင်းပမည့်အတွက်လည်း နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သိမ်ဖြူလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းတို့၏ သတ်မှတ်ထားသော အပိုင်းများတွင် ယာယီလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းကြောင့် ယာဉ်မောင်းသူများအနေဖြင့် လမ်းပိတ်၊ လမ်းလွှဲဆောင်ရွက်နေသည့် အချိန်များတွင် အခြားသင့်လျော်သော လမ်းကြောင်းများကို အသုံးပြု၍ သွားလာကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *